Wednesday, March 1, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပ



Image may contain: one or more people and eyeglasses
နေပြည်တော် ဖေဖော်ဝါရီ ၂၈
လက်ရှိအခြေခံပညာ အထက်တန်း သင်ရိုးတွင် အခြေခံဥပဒေဘာသာရပ် တစ်ခုအဖြစ် မဟုတ်သော်လည်း စာရိတ္တနှင့် လောကနီတိကို သမိုင်းဘာသာရပ်နှင့် အခြားဆက်နွှယ်သော ဘာသာရပ်များတွင် ထည့်သွင်းပေါင်းစပ်သင်ကြားပေးလျက်ရှိသည့်အပြင် သင်ရိုးသစ်တွင်လည်း ထည့်သွင်း သင်ကြားနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၄)ရက် မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ ''နိုင်ငံတော်၌ တရားဥပဒေစိုးမိုးမှု ယိမ်းယိုင်ပျက်ပြားနေခြင်းအပေါ် အနာဂတ်တွင် ထိန်းသိမ်းပြုပြင် ပြောင်းလဲနိုင်ရန်အလို့ငှာ မျိုးဆက်သစ် အထက်တန်းကျောင်းများတွင် စာမေးပွဲ မစစ်သည့် အပိုဘာသာရပ်အဖြစ် ဥပဒေအခြေခံဘာသာရပ်သင်ရိုးကို တစ်ပတ်လျှင် အနည်းဆုံးတစ်ချိန် သတ်မှတ်၍ လက်တွေ့ဥပဒေနယ်ပယ်မှ တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရှေ့နေရှေ့ရပ်များကို သင်ကြားပို့ချပေးစေနိုင်ခြင်း ရှိ၊ မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အထက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက လက်ရှိအခြေခံပညာအထက်တန်း သင်ရိုးတွင် အခြေခံဥပဒေဘာသာရပ် တစ်ခုအဖြစ် မဟုတ်သော်လည်း နိုင်ငံ့သားကောင်းများ မွေးထုတ်နိုင်ရန်အတွက် နိုင်ငံသားများ၏အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ဒီမိုကရေစီအခြေခံများ၊ နိုင်ငံသားများလိုက်နာကျင့်သုံးရမည့် ဒီမိုကရေစီအလေ့အကျင့် ကောင်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေခံများကို စာရိတ္တနှင့် လောကနီတိအဖြစ် သမိုင်းဘာသာရပ်နှင့် အခြားဆက်နွှယ်သော ဘာသာရပ်များတွင် ထည့်သွင်းပေါင်းစပ် သင်ကြားပေးလျက်ရှိသည့်နည်းတူ သင်ရိုးသစ်တွင်လည်း ထည့်သွင်းသင်ကြားနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း။
ဥပဒေဘာသာရပ်သည် ခက်ခဲနက်နဲသည့်အတွက် အခြေခံပညာ အဆင့်တွင် သင်ကြားမှုမပြုဘဲ ဥပဒေပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် တက္ကသိုလ်အဆင့်၌သာ ဥပဒေဘာသာရပ်အထူးပြုအဖြစ် ထည့်သွင်းသင်ကြားပေးလျက်ရှိပါကြောင်းဖြေကြားသည်။
ထို့ပြင် ဥပဒေအရာရှိများအနေဖြင့် အခါအားလျော်စွာ စာသင်ကျောင်းများတွင် ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲများကျင်းပ၍ အသိပညာ ဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းစသည်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အသိပညာပေးခြင်းကိုသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ လက်အောက်ခံမြို့နယ် ဥပဒေရုံးနှင့် ခရိုင်ဥပဒေရုံးအသီးသီးရှိ ဥပဒေအရာရှိများက အထက်ဖော်ပြပါအတိုင်း ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲများတွင် ဟောပြောခြင်းဖြင့်သာ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်၍ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိပြင်ဆင်ရေးဆွဲလျက်ရှိ သည့်သင်ရိုးသစ်နှင့် လက်ရှိအသုံးပြုနေသည့် သင်ရိုးဟောင်းနှစ်ရပ်လုံးတွင် ''အခြေခံဥပဒေဘာသာရပ်သင်ရိုးကို တစ်ပတ်လျှင် အနည်းဆုံး တစ်ချိန် သတ်မှတ်၍ လက်တွေ့ဥပဒေနယ်ပယ်မှ တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရှေ့နေရှေ့ရပ်များကို သင်ကြားပို့ချပေးစေနိုင်ရန်'' စီစဉ်ဆောင်ရွက်ပေး နိုင်မည့်အခြေအနေ မရှိသေးပါကြောင်း ဒုတိယဝန်ကြီးက ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ ''အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ စစ်ချီထွက်တိုင်း ပင့်ဆောင်သွားလေ့ရှိသည့် သင်္ကန်းနက် ရုပ်ပွားတော်မြတ်ကြီးအား ရွှေဘိုမြို့သို့ ပြန်လည်ပင့်ဆောင်ခွင့် ရရှိရေးအတွက် ညှိနှိုင်းဖြေရှင်းပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သင်္ကန်းနက်ရုပ်ပွားတော်သည် နှစ်ပေါင်း ၁ဝဝ နှစ်အထက် သက်တမ်းရှိပြီးဖြစ်သဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းအဖြစ် သတ်မှတ်နိုင်မည် ဖြစ်ပါကြောင်း။
ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ မိမိတို့ ဝန်ကြီးဌာနသည် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထိခိုက်ခြင်း၊ ဆွေးမြည့်ခြင်းနှင့် ပျက်စီးခြင်းဖြစ်နိုင်သည်ဟု ယူဆပါလျှင် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကာကွယ်ထိန်းသိမ်းခွင့်ရှိသော်လည်း ယင်းရုပ်ပွားတော်သည် အဆိုပါဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)အရ ဘာသာရေးအရ ဝတ်ပြုကိုးကွယ်ရာတွင် လက်ရှိအသုံးပြုနေသော ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်နေသဖြင့် ဝန်ကြီး ဌာန၏ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကာကွယ်ထိန်းသိမ်းခွင့်နှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း။
သို့ဖြစ်ပါ၍ ယင်းသင်္ကန်းနက်ဆင်းတုတော်နှင့်အတူ အခြားရှေးဟောင်း သမိုင်းဝင် ရုပ်ပွားဆင်းတုတော်များစွာကို မရမ်းကုန်းမြို့နယ် ဓမ္မေသကသီလရှင် စာသင်တိုက် သီလရှင်ဆရာကြီး ဒေါက်တာပညာသီရိက သဗ္ဗညုပုထိုးတော်ကြီးတွင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားပြီး မည်သူမဆို အချိန်မရွေး လာရောက်ဖူးမြော်နိုင်ပါကြောင်း၊ ရွှေဘိုမြို့သို့ ပြန်လည်ပင့်ဆောင်ခွင့်ရရှိရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးသည် လက်ရှိကိုးကွယ်လျက်ရှိသော သီလရှင်ဆရာကြီး ဒေါက်တာပညာသီရိနှင့် ၂ဝ၁၆ ခုနှစ် မေ ၂ဝ ရက်တွင် ပြေလည်မှုရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်လည်း သီလရှင်ဆရာကြီးက သဘောမတူသဖြင့် ပြေလည်မှုမရရှိခဲ့ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးဟန်ဝင်းသိန်း၏ ''တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ဇာဒီအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ ''ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်ချုပ်ခွင့်ရဒေသရှိ ဥပဓိရုပ်မကောင်းသော စာသင်ကျောင်း(၃)ကျောင်း ၌ ကျောင်းဆောင်သစ် (၁)ဆောင်စီ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ ''ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများတွင် ဆရာ ဆရာမများ တိုးမြှင့်ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးစိုးသီဟ(ခ)မောင်တူး၏ ''မွန်ပြည်နယ် ပေါင်မြို့နယ် ကျွဲခြံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အန္တရာယ်ရှိ ကျောင်းဆောင်အား ဖျက်သိမ်းပြီး နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းများနှင့်စပ်လျဉ်း၍လည်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဘဏ္ဍာငွေရရှိမှုအခြေအနေနှင့် ဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းဖြေကြားသည်။
ထို့နောက် ဥပဒေကြမ်းကော်မတီဝင် စိုင်းထွန်းအောင်က ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့်ပေးပို့လာသော ''ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း''နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိ ချက်နှင့် သုံးသပ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်နှင့် တင်ပြချက်များကို တစ်ပိုဒ်ချင်းစီ လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုခဲ့သည်။
''စာရင်းအင်းဥပဒေကြမ်း''နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက မူဝါဒချမှတ်သူများနှင့် စီမံကိန်းရေးဆွဲသူများသည် စာရင်းအင်းပါ အချက်အလက်များအပေါ် အခြေပြုပြီးမူဝါဒနှင့် စီမံကိန်းများ ရေးဆွဲချမှတ်ခြင်းဖြစ်သည့်အတွက် အခြေခံစာရင်းအင်း အချက်အလက်များသည် တိုင်းပြည်အတွက် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် စာရင်းအင်းဥပဒေတစ်ရပ်ရေးဆွဲပြီး စာရင်းအင်းများကို အသေအချာပြုစုနိုင် ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စာရင်းအင်း အချက်အလက်များသည် တိုင်းပြည်ပြိုကွဲပျက်စီးစေနိုင်သည်အထိ အရေးကြီးပါကြောင်း။
၁၉၈၈ ခုနှစ်က ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံနှင့် ပြည်ထောင်စုဆိုရှယ်လစ် ဆိုဗီယက် ရုရှားနိုင်ငံများသည် စာရင်းအမှား၊ ကိန်းဂဏန်းအမှားများ၊ အောက်ခြေမှ လိမ်လည်ပြုစုတင်ပြသည့် အချက်အလက်များအပေါ်တွင် အခြေပြုဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံပြိုကွဲပျက်စီးသည်အထိ ဖြစ်ခဲ့ရသည့် ကမ္ဘာ့သာဓကများ ရှိခဲ့ပါကြောင်း၊ အဓိကအားဖြင့် တာဝန်ရှိသူများ ဖြစ်သည့် စာရင်းအင်းဆိုင်ရာအချက်အလက်များ ကောက်ယူစုဆောင်းသူနှင့် ၎င်းတို့၏ အထက်အဆင့်ဆင့်ရှိ ဗဟိုကော်မတီဝင်များသည် လွန်စွာတာဝန်ကြီး လေးလှပါကြောင်း၊ ၎င်းတို့အထဲမှ တစ်ဦးဦးသည် မကောင်းသောရည်ရွယ် ချက်ဖြင့် မမှန်သည်ကိုသိလျက် စာရင်းအင်းအချက်အလက်များကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ ဖြည့်သွင်းခြင်း၊ ဖော်ပြအသုံးပြုခြင်းနှင့် ကြေညာခြင်းတို့ကို ဆောင်ရွက်ပါက တိုင်းပြည်အတွက် အထက်ပါသာဓကများကဲ့သို့ မူဝါဒအမှားများ၊ စီမံကိန်းအမှားများ ရေးဆွဲမိမည်ဖြစ်ပါကြောင်း၊ ထိုအခါ တိုင်းပြည်လည်း အထိနာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စာရင်းအင်းနှင့်ပတ်သက်၍ တာဝန်ရှိသူ အားလုံး သိလျက်နှင့် မကောင်းသည့်စိတ်ဓာတ်ဖြင့် ထိုသို့မလုပ်ရဲအောင် ဥပဒေတွင် တားမြစ်ထားသည့်အချက် မပါရှိခြင်းသည် တိုင်းပြည်အတွက် လွန်စွာအရေးကြီးပါကြောင်းနှင့် ပြစ်ဒဏ်နှင့် ငွေဒဏ်များ ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးချက်နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
မော်စီ၊ ဝေသူနွယ်၊ မွှေးကြူဇင် (သတင်းစဉ်)

No comments:

Post a Comment