Wednesday, March 1, 2017

ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် ဝါးစိုက်ပျိုးရေးကဏ္ဍ တွင်ကျယ်လာစေရန် ဆွေးနွေး



Image may contain: 1 person
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ဝါးစိုက်ပျိုးရေးကဏ္ဍ တွင်ကျယ်လာစေရန်အတွက် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၏ ဝါးစိုက်ပျိုးရေးကဏ္ဍ တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်းအောင်မြင်လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်အားစိုက် ပါဝင်ဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဝိုင်းဝန်းဆွေးနွေးကြသည်။
ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်က မြန်မာနိုင်ငံတွင် ဝါးမျိုးပေါင်း ၁ဝ၂ မျိုးရှိသည်ဟု ဖော်ထုတ်သိရှိရပါကြောင်း၊ ဝါးအများဆုံးပေါက်ရောက်ရာ ဒေသဖြစ်သော ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးရိုးမအရှေ့နှင့် အနောက် စသည့်ဒေသများတွင် ဧရိယာအားဖြင့် ၁၅၅၅၂ ကီလိုမီတာခန့် ကျယ်ဝန်းသည်ဟု သိရှိရပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ဝါးများကိုလျင်မြန်စွာ ထုတ်ယူမည်ဆိုပါက များမကြာမီကာလတွင် ဝါးများရှားပါးလာမည်ဖြစ်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်များစိုက်ပျိုး၍ နိုင်ငံတော်အနေဖြင့် တိုင်းပြည်အတွက် ဝါးဥယျာဉ်တစ်ခုစိုက်ပျိုးရန်လိုအပ်သည်ဟု တိုက်တွန်းလိုပါကြောင်း၊ ဝါးမှ ဝါးပျော့ဖတ်များထုတ်လုပ်မှုကို ကျေးလက်ဒေသများတွင် တွင်ကျယ်စွာ လုပ်ကိုင်တတ်စေရန် စနစ်တကျဖော်ထုတ်သင်ကြားပေးမည်ဆိုပါက နိုင်ငံတော်အတွက် အလွန်အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ကျေးရွာထင်းစိုက်ခင်းများကဲ့သို့ ရည်ရွယ်၍ ဝါးစိုက်ခင်းမျိုးကောင်းမျိုးသန့်များကိုလည်း စနစ်တကျ ဖော်ထုတ်သင့်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မြေလွတ်၊ မြေရိုင်းများ ပေါကြွယ်ဝမှုကို ဖော်ပြရမည်ဆိုပါက ရန်ကုန်-မန္တလေး မီးရထားလမ်းဝဲ၊ ယာ နယ်နိမိတ်များတွင် စမ်းသပ်စိုက်ပျိုးနိုင်ပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လမ်းဘေး ဝဲ၊ ယာတွင်လည်း ကုက္ကိုပင်များနှင့် ရောနှောစမ်းသပ်စိုက်ပျိုးမည်ဆိုပါကလည်း အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း အဆိုရှင်၏အဆိုအပေါ် ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုအပေါ် သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးမျိုးညွန့်၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၊ ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုး၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၊ ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦးနှင့် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်တို့က ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုရှင်က ၎င်း၏အဆိုကို အတည်ပြုပေးရန် လွှတ်တော်သို့တင်ပြရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောတူညီချက်ကိုရယူပြီး အတည်ပြုကြောင်း ကြေညာသည်။
ယနေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ကော်မတီအဖွဲ့ဝင် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းနှင့် ထပ်မံထည့်သွင်းခြင်းကို လွှတ်တော်သို့အသိပေးတင်ပြသည်။
ယနေ့အစည်းအဝေးတွင် တောင်ဥက္ကလာပမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစောနိုင်၏ တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပ စေတီပရိဝုဏ်၏ ပေ ၁ဝဝ အတွင်း ပေ ၇ဝထက်မြင့်သော အထပ်မြင့် အဆောက် အအုံဆောက်လုပ်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများအနေဖြင့် မည်သို့စီစဉ်ထားသည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တောင်ဥက္ကလာပစေတီတော်သည် ၁၉၉ဝ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဉာဏ်တော် ၁ဝ၈ ပေရှိပါကြောင်း၊ အဆိုပြုမြေကွက်သည် မြေရှင် ဦးဌေးအောင်မှ မူလက မူအားဖြင့် ခွင့်ပြုထားသည့် Basement + ၁၂ ဒသမ ၅ ထပ်တိုက်အစား ၄ ထပ်လျှော့၍ တောင်ဥက္ကလာပစေတီတော်၏ စိန်ဖူးတော်နှင့် ထီးတော်တို့ထက် နှိမ့်ချပြီး အမြင့် ၉၈ ပေရှိသော Basement + ၈ ဒသမ ၅ ထပ်တိုက် အဆောက် အအုံဆောက်လုပ်ခွင့်ပြုပေးပါရန် တင်ပြလျှောက်ထားမှုအား ၂ဝ၁၅ ခုနှစ် ဧပြီ ၈ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၈/၂ဝ၁၅) ဆုံးဖြတ်ချက်အပိုဒ် (၇)အရ သဘောတူကြောင်း အကြောင်းကြားလာပါသဖြင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းများနှင့်ညီညွတ်သဖြင့် ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း။
၂ဝ၁၅ ခုနှစ် ဇွန် ၁ဝ ရက်တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(ပထမအဖွဲ့ခွဲ)၏ ဒုတိယအကြိမ် နဝမအစည်းအဝေးက ''ဥက္ကလာပစေတီတော်အနီးဝန်းကျင်တွင် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်းကြောင့် စေတီတော်၏မြင်ကွင်းကိုထိခိုက်စေခြင်း၊ စေတီတော်၏ ကြံ့ခိုင်မှုကိုထိခိုက်စေခြင်း အစရှိသည်များမဖြစ်ပေါ်စေရေးနှင့် သာသနာတော် အရှည်တည်တံ့နိုင်မည့်အရေးကို တွက်ဆ၍ ဘာသာရေးရှုထောင့်၊ ယဉ်ကျေးမှု ရှုထောင့်၊ ဘူမိဗေဒရှုထောင့်နှင့် အင်ဂျင်နီယာရှုထောင့်အသီးသီးတို့မှ ပညာရှင်များနှင့် စနစ်တကျတွက်ချက်ညှိနှိုင်းပြီး ဆောက်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံရန်'' ဟု ဆုံးဖြတ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အကြောင်းကြားမေတ္တာရပ်ခံခဲ့ပြီး ပညာရှင်များနှင့် ၂ဝ၁၅ ခုနှစ် သြဂုတ် ၃ ရက်စွဲဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းစုံစမ်းရေးအဖွဲ့က ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ဆွေးနွေးသုံးသပ်ချက်များအရ ၂ဝ၁၆ ခုနှစ် မတ်လ ၃ရက် ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးသို့တင်ပြခဲ့ရာ ပညာရှင်အဖွဲ့၏ အစီရင်ခံချက်အရ အမြင့်ပေ ၉၆ ပေဖြင့် ခွင့်ပြုခဲ့ကြောင်း။
အလားတူ ဥက္ကလာပစေတီဂေါပကအဖွဲ့က ဥက္ကလာပစေတီမဟာရံ တံတိုင်းနှင့် ၅၉ ပေသာကွာဝေးသည့် မြေကွက်နေရာ၌ ဆာကူရာကုမ္ပဏီက ၈ ထပ်ခွဲ အဆောက်အအုံဆောက်လုပ်နေသဖြင့် တားမြစ်ပေးပါရန် သာသနာရေးဝန်ကြီးဌာနထံ ထပ်မံမေတ္တာရပ်ခံတင်ပြလာသဖြင့် ဤဝန်ကြီးဌာနက သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့ကို လိုအပ်သလို ပြန်လည်သုံးသပ်ပေးနိုင်ရန်ထပ်မံ ညှိနှိုင်းခဲ့ပါကြောင်း၊ အပြန်အလှန်ညှိနှိုင်းချက်များအရ စိစစ်မှုအကြိမ်ကြိမ် ပြုလုပ်သည့်နောက်ပိုင်းတွင် ဖော်ပြပါ Basement + ၈ ဒသမ ၅ ထပ်တိုက်အား ခွင့်ပြုထားပြီးဖြစ်သဖြင့် ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၉ ရက်တွင်ကျင်းပသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးသို့တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့်အတိုင်း Basement + ၈ ဒသမ ၅ ထပ်တိုက်အား အမြင့် ၉၆ ပေဖြင့် ခွင့်ပြုခဲ့သည်ကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါကြောင်း။
ဆာကူရာကုမ္ပဏီက အမြင့် ၉၈ပေရှိ ၈ထပ်ခွဲ အဆောက်အအုံဆောက် လုပ်နေခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့အနေဖြင့် ဥက္ကလာပစေတီဂေါပကအဖွဲ့၏ တင်ပြချက်များအရ သက်ဆိုင်ရာတာဝန်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ အကြိမ်ကြိမ် အသိပေးညှိနှိုင်းပေးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပညာရှင်များဖွဲ့စည်းစစ်ဆေးပြီးမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဆုံးအဖြတ်သည်သာ အဓိကဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဥတ္တရသီရိမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၏ ဥတ္တရသီရိမြို့နယ်အတွင်း ဒေသခံပြည်သူများ အမှန်တကယ်နေထိုင်လုပ်ကိုင် စားသောက်နေသော ကျေးရွာများ၊ လယ်မြေများနှင့်ယာမြေများကို သစ်တော မြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လက်ရှိအစိုးရသစ်လက်ထက်တွင် နေပြည်တော်ကောင်စီအတွင်းရှိ သစ်တောနယ်မြေများအတွင်း နှစ်ကာလကြာရှည်စွာ ကျူးကျော်အခြေချ နေထိုင်သူများအတွက် ၂ဝ၁၃ ခုနှစ်တွင် စာရင်းကောက်ယူခဲ့သော ပြည်ထဲရေး အမည်ပေါက် အိမ်ခြေ ၅ဝ နှင့်အထက်ကျေးရွာများ၏ ရွာမြေ၊ လယ်မြေနှင့် သာသနာ/အများပိုင်မြေများ ပယ်ဖျက်ပေးရန် နေပြည်တော်ကောင်စီ၏ ၂ဝ၁၆ ခုနှစ် ဇွန်လ ၁၆ ရက်ကကျင်းပသည့် အစည်းအဝေးအမှတ်စဉ်(၇/၂ဝ၁၆) ဆုံးဖြတ်ချက်အပိုဒ် (၁၁)အရ ဥတ္တရသီရိမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာ အပါအဝင် နေပြည်တော်ကောင်စီနယ်မြေ သစ်တောမြေအတွင်းရှိ ပြည်ထဲရေးအမည်ပေါက် ၄၉ ရွာ ပယ်ဖျက်ပေးခြင်းမပြုဘဲ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်ပြုခြင်း၊ ဥယျာဉ်ခြံမြေများ အတွက် နှစ်ရှည်မြေငှားရမ်းစနစ်ဖြင့် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပါကြောင်း။
နေပြည်တော်ကောင်စီ သစ်တောနယ်မြေအတွင်းရှိ ပယ်ဖျက်ပေးမည့် ဧရိယာ ၆၈၃၈ ဒသမ ၄၈၃ ဧက အနက် အမှန်ပယ်ဖျက်ရန် ထပ်မံစိစစ် ဆောင်ရွက်ချက်အရ ရွာမြေ၊ လယ်မြေ၊ သာသနာ/အများပိုင်မြေ ၈ဝ၇ ဒသမ ၇၃၆ ဧကကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အမိန့်ကြော်ငြာစာမူကြမ်းအား စိစစ်ပြီးပါက သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဥတ္တရသီရိမြို့နယ်အတွင်း၌ ကျန်ရှိသော ယာမြေ ၁၅၇ဝ ဒသမ ၃၆၇ ဧကကို သီးနှံ သစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်ပြုမည် ဖြစ်ပါကြောင်းနှင့် ဥယျာဉ်ခြံမြေ ၅ဝ ဒသမ ၉၄ ဧကကို နှစ်ရှည်မြေငှားရမ်း စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ယနေ့အစည်းအဝေးတွင် သိန္နီမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းနှင့် ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်တို့၏ မေးခွန်းများ ကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့က ရှင်းလင်းဖြေကြားပေးကြသည်။
ပေါင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ''ဗိုလ်ချုပ်အောင်ဆန်း''၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့်အဆိုကိုတင်သွင်းရာ ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးက ထောက်ခံဆွေးနွေးပြီး လွှတ်တော်ဥက္ကဋ္ဌက အဆိုကိုလက်ခံ ဆွေးနွေးနိုင်ရန်အတွက် လွှတ်တော်၏သဘောတူညီမှုကိုရယူကာ အဆိုအပေါ် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
အောင်နိုင်၊ အေးအေးသန့်၊ မီမီဖြိုး(သတင်းစဉ်)

No comments:

Post a Comment