Friday, March 3, 2017

အိုင်အက်စ်စစ်သွေးကြွများကို ချေမှုန်းတိုက်ထုတ်ရန် ပါမီယာမြို့တွင်းသို့ ဆီးရီးယားတပ်ဖွဲ့များဝင်ရောက်



Image may contain: one or more people and outdoor
ဒမတ်စကတ် မတ် ၂

ယမန်နှစ် ဒီဇင်ဘာလကတည်းက အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေး အဖွဲ့(အိုင်အက်စ်)တို့က သိမ်းယူထားခဲ့သည့် ပါမီယာမြို့တွင်းသို့ ရုရှားထောက်ခံသော ဆီးရီးယားအစိုးရ တပ်ဖွဲ့များနှင့် ၎င်းတို့၏ မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်ကာ စစ်သွေးကြွများကို ချေမှုန်းလျက်ရှိကြောင်း ဆီးရီးယား လူ့အခွင့်အရေးလေ့လာ ရေးအဖွဲ့က ပြောကြားသည်။
ဟစ်ဇ်ဘိုလာအဖွဲ့၏ သတင်းဌာန တစ်ခုက အစောပိုင်းထုတ်ပြန်ချက်အရ ဆီးရီးယားကြည်းတပ်တပ်ဖွဲ့များနှင့် ၎င်းတို့၏ မဟာမိတ်တပ်ဖွဲ့ဝင်များသည် ပါမီယာမြို့ရှိ ရှေးဟောင်း ရဲတိုက်တစ်လုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း၊ အဆိုပါ ရဲတိုက်မှာ ပါမီယာမြို့၏ အနောက်ဘက် ဆင်ခြေဖုံးတွင် တည်ရှိသည်။ ဆီးရီးယား အစိုးရတပ်ဖွဲ့နှင့် ၎င်း၏ မဟာမိတ် တပ်ဖွဲ့များက ပါမီယာမြို့ အနောက်တောင်ပိုင်းရှိ နန်းတော်အလား ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခုကိုလည်း သိမ်းယူခဲ့သည်ဟု ဆိုသည်။
အိုင်အက်စ် စစ်သွေးကြွများသည် ခြောက်နှစ်ကြာ ဆီးရီးယားပြည်တွင်း စစ်အတွင်း ပါမီယာမြို့ကို နှစ်ကြိမ်တိုင်တိုင် သိမ်းယူခဲ့သည်။ ယင်းမြို့မှာ ကုလသမဂ္ဂယူနက်စကို အဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်ဒေသအဖြစ် သတ်မှတ်ထားသောမြို့လည်း ဖြစ်သည်။
အိုင်အက်စ်စစ်သွေးကြွများလက်မှ ပါမီယာမြို့ကို ယမန်နှစ်မတ်လအတွင်း က ဆီးရီးယားအစိုးရတပ်ဖွဲ့များက ပြန်လည်သိမ်းယူနိုင်ခဲ့သော်လည်း ယင်းနှစ် ဒီဇင်ဘာလအတွင်း အိုင်အက်စ် စစ်သွေးကြွများက ဒုတိယအကြိမ် ပြန်လည်သိမ်းယူခဲ့သည်။
အိုင်အက်စ်အဖွဲ့ လက်ချက်ဖြင့် ပါမီယာမြို့ ပျက်စီးမှုများအား ကုလသမဂ္ဂက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းအဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment