Friday, March 3, 2017

ကင်ဂျုံနမ်လုပ်ကြံခံရပြီးနောက် မြောက်ကိုရီးယားနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့် မလေးရှားပိတ်ပင်



Image may contain: 1 person, crowd
ကွာလာလမ်ပူ မတ် ၂

မလေးရှားနိုင်ငံ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်၏ ဖအေတူ မအေကွဲညီအစ်ကို တော်စပ်သူ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီးနောက် မလေးရှားအာဏာပိုင်များက လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် မြောက်ကိုရီးယားနိုင်ငံသားများအား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
မတ် ၆ ရက်ကစပြီး မြောက်ကိုရီးယားနိုင်ငံသားများအနေဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်ရန် ပြည်ဝင်ခွင့် ဗီဇာလိုအပ်မည်ဖြစ်ကြောင်း မလေးရှားဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီ၏ ပြောကြားချက်ကိုကိုးကားပြီး မလေးရှားနိုင်ငံပိုင် ဘနားမား သတင်းအေဂျင်စီက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
မလေးရှားဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီသည် ဒုတိယဝန်ကြီးချုပ်ရာထူးအပြင် ပြည်သူ့လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲရသော ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။
မြောက်ကိုရီးယားနိုင်ငံသားများအား ပြည်ဝင်ခွင့် ဗီဇာတောင်းခံရခြင်းမှာ မလေးရှားပြည်သူတစ်ရပ်လုံး၏ လုံခြုံရေးအတွက်ဖြစ်ကြောင်း မလေးရှားဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီက ဆိုသည်။
ကင်ဂျုံနမ်သေဆုံးမှုနှင့်ပတ်သက်ပြီး အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးနှင့် ဗီယက်နမ်အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားသည်။ ယင်းလုပ်ကြံသတ်ဖြတ်မှုတွင် မြောက်ကိုရီးယားနိုင်ငံသားများလည်း ပါဝင်ပတ်သက်နိုင်ဖွယ်ရှိကြောင်း မလေးရှားအာဏာပိုင်များက သံသယရှိနေသည်။
မြောက်ကိုရီးယားနှင့် မလေးရှားနှစ်နိုင်ငံသည် ၁၉၇၃ ခုနှစ်ကစပြီး သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့ကြသည်။ ၂ဝဝ၉ ခုနှစ်မှစပြီး နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်ကို ကျင့်သုံးခဲ့ကြောင်းသိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment