
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်
ဓာတ်ပုံ - စိုးညွန့်
ရန်ကုန် မတ် ၎
၂ဝ၁၇ ရာသီMNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ပထမနေ့ကို ယနေ့ညနေပိုင်းက ကွင်းငါးကွင်း၌ကျင်းပရာ ထိပ်ဆုံးမှ ရန်ကုန် အသင်း နိုင်ပွဲဆက်ပြီး ထိပ်ဆုံးမှ ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။
ပွဲစဉ် (၇) အပြီးတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ရန်ကုန် အသင်းနှင့် ဒုတိယနေရာမှ ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် အနီးကပ်ဆုံး ပြိုင်ဘက် ရှမ်းယူနိုက်တက်ကို ပွဲပြီးခါနီးတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် ချန်ပီယံဆုအတွက် မျှော်လင့်ချက် ကောင်းသွားခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲရှုံးနိမ့် ခဲ့သောကြောင့် တတိယနေရာသို့ ဆင်းပေးခဲ့ရပြီး အိမ်ကွင်းတွင် နိုင်ပွဲရယူနိုင်ခဲ့သည့် လက်ရှိချန်ပီယံ ရတနာပုံအသင်းက ဒုတိယ နေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။
ရန်ကုန်အသင်းသည် ခင်မောင်လွင်၊ ကျော်ကိုကို၊ ကျော်ဇင်ထက်၊ အီမီကာစသည့် အမာခံကစားသမား အများစုဖြင့် ပွဲထွက်ခဲ့သလို ရှမ်းယူနိုက်တက်အသင်းကလည်း နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးရနိုင်သည့် အခွင့် အရေးများရရှိခဲ့သည်။ ၁၇ မိနစ်တွင် ဇွန်မိုးအောင်၏ ပြစ်ဒဏ် ဘောကန်ချက် ဘားထိထွက်ခဲ့သလို ၂၃ မိနစ်တွင် အီမီကာ၏ ကန်သွင်းမှုကို ရှမ်းဂိုးသမား သီဟစည်သူ ကာကွယ်နိုင်ခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ခံစစ်ကို ဦးစားပေး ကစားခဲ့သည်။ ဒုတိယပိုင်းအစတွင် ရှမ်းယူနိုက်တက်အသင်းက စိုးမင်းဦးနှင့် အောင်ရှိုးသာမောင်ကိုထည့်ကာ တိုက်စစ် အပြောင်းအလဲလုပ်ခဲ့သော်လည်း ပထမပိုင်းလောက်ပင် ရန်ကုန် ကို ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။ ရန်ကုန်အသင်းသည် ဒုတိယ ပိုင်းတွင် အပြောင်းအလဲလုပ်ခဲ့သော်လည်း ရှမ်းနောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ပွဲပြီးခါနီးမှ အနိုင်ဂိုးရခဲ့သည်။ ဘယ်ထောင့်ကန်ဘောကို ကျော်ကိုကိုက တိုက်ရိုက်ကန်သွင်း ခဲ့ပြီး ရှမ်းဂိုးသမား သီဟစည်သူ မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက် ရခြင်းဖြစ်သည်။
မန္တလာသီရိကွင်း၌ ကျင်းပသောပွဲတွင် ရတနာပုံအသင်းကGFA အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံ အတွက် ဂိုးများကို ရဲကိုဦးနှင့်အောင်သူတို့က သွင်းယူပေးခဲ့သည်။ ဝ္ဏသိဒ္ဓိကွင်း၌ ကျင်းပသောပွဲတွင် နေပြည်တော်အသင်းက ရခိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မက်သယူးက ရခိုင်အတွက်ဂိုး စတင်သွင်းပေးခဲ့သော်လည်း နေပြည်တော် အတွက် ဘမ်ဘာက ချေပဂိုး၊ အောင်မြတ်သူက အနိုင်ဂိုးသွင်းခဲ့ သည်။ သုဝ္ဏကွင်း၌ ကျင်းပသောပွဲတွင် မကွေးနှင့်ဟံသာဝတီ ပွဲတွင် တစ်ဂိုးစီသရေကျခဲ့ပြီး အောင်ဆန်းကွင်းပွဲတွင် ချင်းယူနိုက်တက်အသင်းက ဇွဲကပင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဒုတိယနေ့ကို မတ် ၅ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် မော်လမြိုင်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး Southernအသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
No comments:
Post a Comment