Sunday, March 5, 2017

အိမ်ကွင်းတွင် မန်ယူတို့ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ




အင်္ဂလန် ပရီမီယာလိဂ် ပွဲစဉ်(၂၇) စနေနေ့ည အစောဆုံးပွဲစဉ် အဖြစ် မန်ယူနှင့် ဘုန်းမောက်အသင်းတို့ အိုးထရတ်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
ယင်းပွဲတွင် နှစ်သင်းစလုံး ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက် ခဲ့ပြီး အိမ်ရှင်မန်ယူအသင်းသည် အီဘရာဟီမိုဗစ်ကို အထောင် ထားခဲ့ပြီး ဧည့်သည် ဘုန်းမောက်အသင်းသည် ဘီနစ်ခ်အဖိုဘီကို အထောင်ထားကာပွဲထွက်ခဲ့ကြသည်။ ပထမပိုင်းပွဲချိန် ၂၃မိနစ်တွင် ဗလင်စီယာ ဖန်တီးမှုမှတစ်ဆင့် နောက်တန်းကစားသမား ရိုဂျို အနီးကပ် ပိတ်သွင်းယူခဲ့၍ မန်ယူတို့ ဦးဆောင်ဂိုးရရှိခဲ့သည်။
ပွဲချိန် မိနစ် ၄ဝ တွင် ဘုန်းမောက်အသင်း ပယ်နယ်တီကန် ခွင့်ရခဲ့ပြီး ကွင်းလယ်ကစားသမား ဂျိုချူအာကင်း ကန်သွင်းခဲ့ရာ ဘုန်းမောက်တို့ ချေပဂိုးရရှိခဲ့သည်။ ပထမပိုင်းပြီးခါနီး ၄၅ မိနစ် တွင် ဘုန်းမောက်ကွင်းလယ်ကစားသမား ဆာမန် နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခံရပြီး အိမ်ရှင်မန်ယူတို့ တစ်ယောက် အသာဖြင့် ယှဉ်ပြိုင်ခဲ့သည်။ ဒုတိယပိုင်း ၇၂ မိနစ် တွင် အိမ်ရှင် မန်ယူအသင်း ပယ်နယ်တီကန်ခွင့် ပြန်လည်ရရှိခဲ့ပြီး တိုက်စစ်မှူး အီဘရာဟီမိုဗစ် ကန်သွင်းခဲ့ရာ ဘုန်းမောက်ဂိုးသမား အာတာဘို ရပ်စ် လက်စွမ်းပြကာကွယ်ခဲ့သည်။ မန်ယူအသင်းသည် တစ်ယောက်အသာဖြင့် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ဘုန်းမောက်ဂိုးသမား လက်စွမ်းပြနေမှုကြောင့် ပွဲပြီးချိန်တွင် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ယနေ့ပွဲတွင် မန်ယူတို့ဘောလုံးပိုင်ဆိုင်မှု အသာစီးကစား နိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၆ ကြိမ်အနက် ကိုးကြိမ်အထိ ဂိုးပေါက် တည့်ခဲ့သည်။ ဧည့်သည် ဘုန်းမောက်အသင်းသည် ဂိုးကန်သွင်း ခွင့် တစ်ကြိမ်သာရရှိခဲ့သည်။ မန်ယူအသင်းသည် တစ်ပွဲလျော့ ဖြင့် ရမှတ် ၄၉ မှတ်ရရှိထားပြီး ဘုန်းမောက်အသင်းမှာ ရမှတ် ၂၇ မှတ်ဖြင့် အဆင့် ၁၄ တွင် ရပ်တည်နေသည်။

No comments:

Post a Comment