Thursday, March 30, 2017

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ


Image may contain: 1 person



ကျော်သူထက်
၂ဝ၁၆ ခုနှစ် မတ် ၃ဝ ရက်တွင် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ခဲ့သော အစိုးရသစ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးအနက်ထား ဆောင်ရွက်လာသည်။
အထောက်အကူဖြစ်နိုင်မည်
နိုင်ငံတော်အဆင့် အကြီးအကဲနေရာများ၊ လွှတ်တော်အကြီးအကဲနေရာများတွင် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် စသော တိုင်းရင်းသားများအား ခန့်အပ်တာဝန်ပေးထားသည်မှာ သိသာထင်ရှားစေသော အချက်ဖြစ်သည်။ အစိုးရသစ်သည် အစိုးရဝန်ကြီးဌာနများအား ကျစ်လျစ်စွာ ဖွဲ့စည်းလိုက်သော်လည်း တိုင်းရင်းသားအရေးကိစ္စများကို သီးခြားဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုဝန်ကြီး ဌာနအသစ်တစ်ခု ဖွဲ့စည်းပေးလိုက်သည်မှာ အမျိုးသားရင်ကြားစေ့ရေးအတွက် မည်မျှအလေးထားကြောင်း ပေါ်လွင်ထင်ရှား လှသည်။ တိုင်းရင်းသားများ မျှော်လင့်တောင့်တနေသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စနစ်ကြီး အောင်မြင်စွာပေါ်ပေါက်လာစေရေး အတွက်လည်း များစွာအထောက်အကူဖြစ်နိုင်မည်ဟု ယုံကြည်မိသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနသည် တိုင်းရင်းသားများ၏ အခွင့်အရေး၊ ရပိုင်ခွင့်များနှင့်ပတ်သက်ပြီး တိုင်းရင်းသားများ အပြည့်အဝခံစားနိုင်အောင် ကာကွယ်စောင့်ရှောက်ပေးမည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနလည်းဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားများ၏ အခွင့်အရေး၊ ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ သိရှိနိုင်ရန် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
အစိုးရအဖွဲ့အသစ်နဲ့အတူ
မေး။ ။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဖြစ်ပေါ်လာပုံကို ပြောပြပေးစေလိုပါတယ်။
ဖြေ။ ။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် မှာ ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ဥပဒေမှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဖွဲ့စည်းဖို့ပါရှိပေမယ့် ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အခုအစိုးရလက်ထက်မှာတော့ အစိုးရအဖွဲ့ကို ကျစ်လျစ်စွာလျှော့ချ ဖွဲ့စည်းခဲ့ပေမယ့်လည်း တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို အထူးအလေးထားတဲ့အနေနဲ့ ၂ဝ၁၆ ခုနှစ် မတ် ၃ဝ ရက်မှာ တိုင်းရင်းသား ရေးရာဝန်ကြီးဌာနကို အစိုးရအဖွဲ့အသစ်နဲ့အတူ စတင်ဖွဲ့စည်းခဲ့ပါတယ်။
၂ဝ၁၆ ခုနှစ် မေ ၂၅ ရက်မှာတော့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းချက်နဲ့ ကိုက်ညီအောင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။
အပြည့်အဝခံစားခွင့်ရနိုင်ဖို့
မေး။ ။ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို ဘယ်လိုကာကွယ် စောင့်ရှောက်သွားဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ။ ။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းလိုက်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ဥပဒေပြဋ္ဌာန်းချက်ပါ အတိုင်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ စကား၊ စာပေ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေ ကို အပြည့်အဝခံစားခွင့်ရနိုင်ဖို့ဖြစ်ပါတယ်။ တိုင်းရင်းသားတွေက သူတို့ရဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကောင်းတာတွေကို ထုတ်ဖော်ချင်တယ်။ ကာကွယ်စောင့်ရှောက် ချင်တယ်။ တိုးတက်ဖွံ့ဖြိုးစေချင်ကြပါတယ်။ ဖော်ထုတ်ထိန်းသိမ်းတဲ့နေရာမှာ ကောင်းတဲ့ဓလေ့ထုံးစံတွေကို ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ ဓလေ့ထုံးစံကောင်းတွေကို နောင်လာနောက်သားတွေ ပြန်ပြီးတော့အသုံးပြု နိုင်အောင်လည်း ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းရင်းသားတွေအားလုံး ပညာတတ်ဖို့၊ ဗဟုသုတရှိဖို့လိုတယ်။ သူတို့ရဲ့စကား၊ စာပေ၊ ဓလေ့ ထုံးစံတွေအပြင် အသိပညာ၊ အတတ်ပညာ ရှိဖို့ လိုပါတယ်။ ပြည်ထောင်စုအတွင်းမှာ တိုင်းရင်းသားပေါင်း ရာကျော်ရှိပါတယ်။ အရင်တုန်းက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ တိုင်းရင်းသားတွေမြတ်နိုးတဲ့ သူတို့ရဲ့ အမျိုးသားနေ့တွေ၊ ဓလေ့ထုံးစံတွေကို ပိတ်ပင်တာတွေ၊ တားဆီးတာတွေ ရှိခဲ့ဖူးပါတယ်။
စောင့်ရှောက်ပေးနေ
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးခဲ့တယ်။ အခုအစိုးရ လက်ထက်မှာလည်း ဒီအခွင့်အရေးတွေကို အပြည့်အဝခံစားနိုင်ဖို့ အခုလို ဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းပြီး စောင့်ရှောက်ပေးနေပါတယ်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်လာတော့ တိုင်းရင်းသားတွေအတွက်အများကြီး အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားရဲ့ ရပိုင်ခွင့်၊ အခွင့်အရေး တွေနဲ့ ပတ်သက်ပြီး မသိတာတွေ၊ နားမလည် တာတွေကို လာပြီးမေးမြန်းနိုင်ပါတယ်။
ဝန်ကြီးဌာန၏ မျှော်မှန်းချက်
မေး။ ။ ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက် (Vision)ကို ဘယ်လိုချမှတ်ထားပါသလဲ။
ဖြေ။ ။ ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်ကတော့ ''တိုင်းရင်းသားများ၏ စာပေနဲ့ ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက် ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်'' ကြိုးပမ်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။
မေး။ ။ အခုအစိုးရလက်ထက်မှ စတင်ဖွဲ့စည်းတဲ့ ဝန်ကြီးဌာနအသစ်ဖြစ်လို့ ဝန်ကြီးဌာန ဖွဲ့စည်းပုံရေးဆွဲတာ၊ ဝန်ထမ်းတွေ ခန့်အပ်တာ၊ ပရိဘောဂပစ္စည်းတွေ ဝယ်ယူဖြည့်တင်းတာ စတဲ့လုပ်ငန်းတွေကို စတင် ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေဆောင်ရွက်ခဲ့မှု အခြေအနေကိုလည်း ရှင်းပြပေးပါခင်ဗျား။
ဖြေ။ ။ ဝန်ကြီးဌာနဟာ ယခုမှစတင် ဖွဲ့စည်းတဲ့ ဝန်ကြီးဌာနဖြစ်တဲ့အတွက် ဝန်ထမ်းဖွဲ့စည်းမှုမရှိခဲ့ပါဘူး။ ဒါကြောင့် ဝန်ထမ်း ဖွဲ့စည်းခွင့်ရဖို့အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးကို တင်ပြခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးရုံးနဲ့ ဦးစီးဌာန နှစ်ခုပါရှိပြီး အရာထမ်း၊ အမှုထမ်းရာထူးနေရာ ၁၁၃၁ ပါရှိတဲ့ ဝန်ထမ်းဖွဲ့စည်းပုံကို ၂ဝ-၇-၂ဝ၁၆ ရက်မှာ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနဲ့ ဦးစီးဌာန ရုံးချုပ်တွေအောက်မှာ ရာထူးနေရာ ၃၇ဝ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ရာထူး ၇၆၁ နေရာပါရှိပါတယ်။ ဝန်ထမ်းဖွဲ့စည်းမှုနဲ့အတူ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဝန်ထမ်းများ အတွက် လစာစရိတ်အပါအဝင် အခြားအသုံးစရိတ်ရန်ပုံငွေ ခွင့်ပြုချက်ကိုလည်း ၂၃-၈-၂ဝ၁၆ ရက်နေ့မှာ ခွင့်ပြုရရှိခဲ့ပါတယ်။
ရွေးချယ်ခန့်ထားပြီး
ဝန်ထမ်းဖွဲ့စည်းမှုနဲ့ ရန်ပုံငွေရရှိပြီဖြစ်လို့ ဝန်ထမ်းများခန့်ထားနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ပါတယ်။ အခြားဝန်ကြီးဌာနများက ပြောင်းရွှေ့လိုတဲ့သူတွေအနက် ဝန်ထမ်း ၂ဝဝ ကျော်ကို ရွေးချယ်ခန့်ထားပြီးဖြစ်ပါတယ်။ ဝန်ကြီးဌာနအတွက် လိုအပ်တဲ့ပရိဘောဂနဲ့ပစ္စည်းတွေကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီမှာ ပရိဘောဂနဲ့ပစ္စည်းရောက်ရှိ အသုံးပြုနေပါပြီ။
မေး။ ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နေတဲ့အပိုင်းကို သိလိုပါတယ်။
ဖြေ။ ။ ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ တိုင်းဒေသကြီးနဲ့ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နိုင်ဖို့၊ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ ဘဏ္ဍာရန်ပုံငွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ရန်ပုံငွေမှာ ထည့်သွင်းတောင်းခံနိုင်ဖို့ ဆွေးနွေးပြီး ဆောင်ရွက်ခဲ့ပါတယ်။
မေး။ ။ ဝန်ကြီးဌာနဖွဲ့စည်းပြီးနောက်ပိုင်း တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ ဆောင်ရွက်နေမှုအခြေအနေကို သိလိုပါတယ်။
ဖြေ။ ။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့် (၁ဝ) ချက်ကို ဖော်ပြထားပါတယ်။ ဥပဒေပြဋ္ဌာန်းချက်ပါ ဒီအခွင့်အရေးတွေကို ရရှိနိုင်ဖို့နဲ့ တိုင်းရင်းသားများက စနစ်တကျ တင်ပြဆောင်ရွက်နိုင်ဖို့ နည်းဥပဒေပြဋ္ဌာန်းဖို့ လိုပါတယ်။ နည်းဥပဒေပြဋ္ဌာန်းနိုင်ဖို့ ကနဦးမူကြမ်းကိုရေးဆွဲပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းရင်းသားရေးရာဝန်ကြီးတွေ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က တိုင်းရင်းသားရေးရာကော်မတီကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ၊ အရပ်ဘက်တိုင်းရင်းသား အဖွဲ့အစည်းတွေကို ချပြဆွေးနွေးတဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို ၃၁-၁-၂ဝ၁၇ ရက်ကနေ ၁-၂-၂ဝ၁၇ ရက်အထိ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
ကြားနာစစ်ဆေးညှိနှိုင်းဖြေရှင်းပေးနိုင်ဖို့
မေး။ ။ နည်းဥပဒေပြဋ္ဌာန်းပြီးရင် တိုင်းရင်းသားတွေအတွက် ဘယ်လိုအကျိုး ဖြစ်ထွန်းနိုင်ပါသလဲ။
ဖြေ။ ။ နည်းဥပဒေမူကြမ်းမှာက တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေမှာ ခုံသမာဓိ အဖွဲ့တွေ၊ ပြည်ထောင်စုအဆင့်မှာ ခုံသမာဓိ ကောင်စီတွေ ဖွဲ့စည်းပြီး တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဖောက်ဖျက်ခံရမှုတွေကို ကြားနာစစ်ဆေး ညှိနှိုင်းဖြေရှင်းပေးနိုင်ဖို့ ထည့်သွင်းရေးဆွဲထားပါတယ်။ ကနဦးမူကြမ်းကနေ ပထမမူကြမ်း၊ ဒုတိယမူကြမ်းအထိရေးဆွဲပြီး နည်းဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲတွေကျင်းပပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ နည်းဥပဒေမှာ တိုင်းရင်းသားအခွင့် အရေးချိုးဖောက်ခံရရင် ဘယ်လိုစတင်တိုင်ကြားရမယ်။ ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးမယ်။ အယူခံ ဘယ်လိုလျှောက်ထားရမယ်ဆိုတာကို ရိုးရှင်းလွယ်ကူမှုရှိအောင် ဖော်ပြပေးမှာ ဖြစ်တဲ့အတွက် မိမိအခွင့်အရေးချိုးဖောက်ခံရမှုကို သတ်မှတ်ထားတဲ့နေရာမှာပဲ မှန်ကန် လွယ်ကူစွာတိုင်ကြားနိုင်မှာဖြစ်ပါတယ်။

လွတ်လပ်စွာကျင်းပဆောင်ရွက်နိုင်နေပြီ
မေး။ ။ ဝန်ကြီးဌာနရဲ့ တစ်နှစ်တာ ကာလအတွင်း အခြားဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်များကိုလည်း ပြောကြားပေးပါ ခင်ဗျာ။
ဖြေ။ ။ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြင့်မား ဖို့အတွက် အစိုးရမဟုတ်သောအဖွဲ့အစည်း တွေ(NGO)နဲ့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေး ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအပြင် ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာ တိုင်းရင်းသားရေးရာကိစ္စရပ်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရန်ပုံငွေတွေမှာ ထည့်သွင်းတောင်းခံဖို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင်းပတဲ့ တိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့တွေ၊ နှစ်သစ်ကူးနေ့တွေကို သက်ဆိုင်ရာအစိုးရ အဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ဆောင် ရွက်နိုင်ခဲ့ကြပါတယ်။ ဒီလိုအခမ်းအနားတွေ ကိုလည်း ယခုအချိန်မှာ လွတ်လပ်စွာ ကျင်းပဆောင်ရွက်နိုင်နေပြီ ဖြစ်ပါတယ်။
မေး။ ။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနက ဆောင်ရွက်မယ့်လုပ်ငန်းများကိုလည်း သိလိုပါတယ်။
ဖြေ။ ။ လာမယ့်ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနရဲ့ မူဝါဒ၊ ရည်မှန်းချက်နဲ့ လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်နိုင်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဦးစီးဌာနရုံးတွေကို သက်ဆိုင်ရာအစိုးရရုံးစိုက်တဲ့ မြို့တွေမှာ ဖွင့်လှစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်ပြီးရင် တိုင်းရင်းသား ပြည်သူတွေက မိမိတို့ရဲ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အလွယ်တကူတင်ပြနိုင်မှာဖြစ်ပြီး ပြည်သူတွေရဲ့အသံကို ပိုမိုကြားသိအောင် ကူညီဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။
ပိုမိုတိုးတက်ရရှိအောင်
နောက်တစ်ခုက ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြင့်တက်လာဖို့ NGO ၊ INGO အဖွဲ့တွေနဲ့ပူးပေါင်းပြီး လေ့ကျင့်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေကို လက်ရှိဆောင်ရွက်နေသလို ဆက်လက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည် မြင့်တက်လာခြင်းနဲ့အတူ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပိုမိုတိုးတက်ရရှိအောင်လည်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဆောင်ရွက်နေဆဲဖြစ်တဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေကို ထုတ်ပြန်နိုင်ရေးအတွက် လည်း ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ရုံးတွေဖွင့်ပြီးတော့ တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေကို ကူညီမယ်။ တိုင်းရင်းသားတွေ အသိဉာဏ်ပညာတွေ ဖွံ့ဖြိုးအောင်ဆောင်ရွက်မယ်။ စာမတတ်သူကလေးတွေ၊ ကျောင်း မထားနိုင်သူတွေကို စာရင်းကောက်ယူဖို့ ဆောင်ရွက်မယ်။ စာမတတ်သူ ဘယ်လောက်ရှိသလဲ၊ ဘာကြောင့် စာမတတ်သလဲ၊ လမ်းပန်းဆက်သွယ်ရေးမကောင်းလို့လား၊ ငြိမ်းချမ်းမှု မရှိလို့လားဆိုတာတွေကို အသေးစိတ်ထည့်ပြီးကောက်မယ်။ ပြီးတော့ စာသင်ကျောင်းလိုအပ် ချက်ရှိတဲ့နေရာတွင် စာသင်ကျောင်းဆောက်ပေးဖို့၊ ဆရာတွေခန့်ပေးဖို့၊ လျှပ်စစ်မီးရသင့်တဲ့ ရွာတွေလျှပ်စစ်မီးရဖို့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ်။ ဒီအချိန်ဟာ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးဆိုတဲ့ကိစ္စကို ဆွေးနွေးတိုင်ပင်လို့ရနေပါပြီ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာလို့ရနေပါပြီ။
လူမျိုးစုကြီးသည်၊ ငယ်သည် မခွဲခြား
မေး။ ။ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါခင်ဗျာ။
ဖြေ။ ။ အခုလို တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုက အထူးအရေး ပါတဲ့ကာလမှာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကိုဖွဲ့စည်းပြီး တိုင်းရင်းသား အခွင့်အရေးတွေကို ဆောင်ရွက်ပေးနိုင်ခြင်းဟာ အခွင့်အရေးကောင်းတစ်ခု ဖြစ်တဲ့အပြင် နိုင်ငံတော်အစိုးရက အထူးအလေးထား ဆောင်ရွက်ပေးတဲ့ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားတွေဟာ လူမျိုးစု ကြီးသည်၊ ငယ်သည် မခွဲခြားဘဲ အားလုံးကို လူသားတွေဖြစ်တယ်လို့ခံယူပြီး ပြည်ထောင်စု စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးကိုရှေးရှုပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြပါ။ တိုင်းရင်းသားတွေအားလုံး ငြိမ်းချမ်းရေးစကားဝိုင်းထဲကို ဝင်လာကြပါတယ်။ တစ်နိုင်ငံလုံး ဘယ်လက်နက်ကိုင်အဖွဲ့ အစည်းမဆို အားလုံးရပ်ပြီးတော့ နိုင်ငံရေးကို ဆွေးနွေးပေးပါ။ ကိုယ့်လူမျိုးအတွက် ဘာတွေလိုအပ်ချက်ရှိတယ်။၊ ဘာတွေဖြစ်စေ ချင်တယ်ဆိုတာကို ဆွေးနွေးပေးကြပါ။ ဘုံ နိုင်ငံရေးသဘောတူညီချက်ရရှိတဲ့အထိ လာပြီး ဆွေးနွေးပေးကြပါ။ ဒါမှ သူတို့ရဲ့ နယ်မြေဒေသထဲကိုသွားပြီး သူတို့ရဲ့ နယ်မြေဒေသတွေကို ဖွံ့ဖြိုးအောင်၊ စာတတ်အောင်၊ ဗဟုသုတရှိအောင်၊ ပြည်ထောင်စုနဲ့ရင်ပေါင် တန်းနိုင်အောင်၊ ကမ္ဘာနဲ့ ပခုံးချင်းယှဉ်နိုင် အောင် လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment