Sunday, March 5, 2017

အပါးလည် အပါယ်လား ဖြူစင်စိတ်ကိုထား


Image may contain: 1 person, standing, tree, outdoor and nature
ကိုရင်သြ
အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်ရ လေအောင် 'စက်ရုပ်' များအပေါ် အခွန် ကောက်ယူသင့်သည်ဟု ကမ္ဘာကျော် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီး၊ ရင်းနှီးမြှုပ်နှံသူ၊ စာရေးဆရာ၊ ပရဟိတဒါနရှင်၊ မိုက္ကရိုဆော့ဖ် နည်းပညာကုမ္ပဏီ ပူးတွဲ ထူထောင်သူ စသည့် ဂုဏ်ဒြပ်အပေါင်းနှင့် ပြည့်စုံသူ ဘီလ်ဂိတ်က အဆိုပြုလိုက်သည် ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှု ရလေသောအခါ ၂၁ ရာစုခေတ်၏ စက်မှု ခေတ်ပြောင်း ရေစီးကြောင်းကို စာတစ်တန်ပေတစ်တန် ဖွဲ့နွဲ့ရန် အာရုံပြုမိလေ၏။
ထိုစဉ်အတွင်း ဥရောပနိုင်ငံတစ်လွှား တွင် စက်ရုပ်များ ခေါင်းထောင်လာနေမှုကို ဥပဒေအရ ထိန်းချုပ်နိုင်ရေးအတွက် ဥရောပသမဂ္ဂ(အီးယူ)က လုပ်ဆောင်တော့မည်ဆိုသော သတင်းတစ်ပုဒ်ကိုလည်း ကျွန်ုပ် ဖတ်ရှုရပြန်သည်။
စက်ရုပ်ဟူသည်
စက်ရုပ်ဟူသည် လူတို့ဖန်တီးတည် ဆောက်ထားသော စက်ယန္တရားတစ်ခုဖြစ် သည်။ စက်ရုပ်၏ လှုပ်ရှားမှုအတွက် ပရို ဂရမ်သွင်းထားသော ကွန်ပျူတာတစ်လုံး က ထိန်းချုပ်ပေးသည်။ အော်တိုမက်တစ် လှုပ်ရှားမှုအမျိုးမျိုးကို စွမ်းဆောင်နိုင်အောင် နည်းပညာအရ စီရင်ထားသည်။ စက်ရုပ်ကို ပြင်ပမှ ထိန်းချုပ်နိုင်သကဲ့သို့ စက်ရုပ်ခန္ဓာကိုယ်အတွင်း မြှုပ်ထားသော ကိရိယာမှတစ်ဆင့် ထိန်းချုပ်နိုင်သည်။
ကမ္ဘာပေါ်တွင် စက်ရုပ်အသုံးပြုမှု များ ပြားသော လုပ်ငန်းနယ်ပယ်တစ်ရပ်မှာ မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းဖြစ် သည်။ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံများတွင် လုပ်ငန်းကဏ္ဍအလိုက် အထူးပြုစက်ရုပ်အမျိုးမျိုးကို အသုံးပြုရ သည်။ စက်ရုပ်၏ လက်မောင်းတန်များ သည် လေးလံသော အရာဝတ္ထုကို ချီပိုး သယ်မပေးနိုင်ပြီး လုပ်အားစွမ်းရည်မကျဘဲ လုပ်ဆောင်ချက် အမျိုးမျိုးအတွက်
တစိုက်မတ်မတ် လုပ်ကိုင်ပေးနိုင်သည်။
စက်ရုပ်နည်းပညာ တိုးတက်လာသည် နှင့်အမျှ စက်ရုပ်များ၏ စွမ်းပကားက အံ့ မခန်းမြင့်တက်လာသည်။ စက်ရုပ်များ သည် လူသားအစား ဘေးအန္တရာယ်ကြီး မားသော လုပ်ဆောင်ချက်များအတွက် ဝန်ဆောင်ပေးနိုင်သဖြင့် အာကာသစူးစမ်း လေ့လာရေးနယ်ပယ်အတွင်းသို့ စက်ရုပ် များ ဝင်ရောက်လာသည်ကို တွေ့မြင်ရ သည်။ အမေရိကန်အာကာသ အေဂျင်စီ (နာဆာ)သည် ကြာသပတေးဂြိုဟ်လေ့လာ ရေးလုပ်ငန်းတွင် 'ဂျူနို' စက်ရုပ်ကို အသုံးပြုလုပ်ကိုင်ရန် စီမံကိန်းတစ်ရပ်ချမှတ်ဆောင် ရွက်လျက်ရှိသည်မှာ သာဓကတစ်ရပ်ဖြစ် သည်။
ပင်လယ်ရေအောက် စူးစမ်းလေ့လာရေး နယ်ပယ်တွင်လည်း စက်ရုပ်များကို ပိုမို အသုံးချလာသည်ကို တွေ့မြင်ရသည်။ လူ တစ်ဦးတစ်ယောက်အနေဖြင့် ပင်လယ်ရေ အောက်သို့ အချိန်ကြာမြင့်စွာနှင့် နက်ရှိုင်းစွာ ငုပ်လျှိုးနိုင်ခြင်းမရှိသော်လည်း စက်ရုပ်များမှာမူ ပြုလုပ်နိုင်လေသည်။
ပင်လယ်ရေအောက် အနေအထားကို စူးစမ်းသိရှိနိုင်ရေးအတွက် သိပ္ပံပညာရှင် များက မောင်းသူမဲ့ ရေငုပ်သင်္ဘောစက်ရုပ် များကို အသုံးပြုလျက်ရှိကြသည်။ အာရုံခံ ကိရိယာများနှင့် အဆင့်မြင့် ကင်မရာများ တပ်ဆင်ပေးသော စက်ရုပ်များက ပင်လယ်ရေအောက် စူးစမ်းလေ့လာရေးတွေ့ရှိချက် ကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင် လေသည်။
စက်ရုပ်ဆိုင်ရာ ဥပဒေပြုရေး
ဥရောပတစ်လွှားတွင် စက်ရုပ်များ အသုံးပြုမှု အထူးများပြားလာနေခြင်းနှင့် ပတ်
သက်၍ ထိန်းချုပ်နိုင်ရန် ဥရောပသမဂ္ဂ (အီးယူ)က ဥပဒေရေးဆွဲဆောင်ရွက်သင့် သည်ဟု ဥရောပပါလီမန်၏ အမတ်များက တောင်းဆိုလျက်ရှိကြသည်။
စက်ရုပ်များကို သုတေသနပြုတီထွင် ထုတ်လုပ်ခြင်းမှသည် စေခိုင်းခြင်းအထိ ဥပဒေစည်းမျဉ်းများနှင့်အညီ လုပ်ကိုင်ကြ ရေးကို ဥပဒေပြုအမတ်များက လိုလား ကြသည်။
သို့ရာတွင် 'စက်ရုပ်အခွန်' ကောက်ယူ ရေး အဆိုပြုချက်တစ်ရပ်ကိုမူ အမတ်များ က ပယ်ချကြသည်။ စက်ရုပ်များက နေရာ ယူလာခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်ကြ သူ အလုပ်သမားများအား ပြန်လည်၍ လေ့ကျင့်သင်တန်းပေးမှုများ ပြုလုပ်နိုင်စေ ရေးအတွက် ရန်ပုံငွေရရှိနိုင်ရန် စက်ရုပ် ပိုင်ရှင်များထံမှ စက်ရုပ်အခွန်ကောက်ခံ သင့်သည်ဟု အဆိုပြုချက်တစ်ရပ် ပေါ်
ထွက်ခဲ့သည်။
စက်ရုပ်အခွန်ကောက်ယူရန် အီးယူ၏ အလုပ်အမှုဆောင်အဖွဲ့ဖြစ်သော ဥရောပ ကော်မရှင်ထံသို့ ပေးပို့ထားသည့် အကြံပြု ချက်တစ်ရပ်တွင် စက်ရုပ်အခွန်ကောက်ယူ ရန် နည်းလမ်းနှင့်ပတ်သက်၍ ဖော်ပြထား သည်။
စက်ရုပ်များနှင့်ပတ်သက်၍ ဥရောပသမဂ္ဂအနေဖြင့် မိမိ၏စံနှုန်းများရှိသင့် ကြောင်း၊ သို့ဖြစ်၍ စက်ရုပ်ဆိုင်ရာဥပဒေ စည်းမျဉ်းများကို ရေးဆွဲသတ်မှတ်သင့် ကြောင်း၊ စက်ရုပ်အခွန်ကောက်ယူမှုကိုမူ မပြုလုပ်သင့်ကြောင်း ဥရောပပါလီမန်က ဆုံးဖြတ်ခဲ့သည်။
စက်ရုပ်အခွန်ကောက်ယူရေး အယူအဆကို အီးယူက ပယ်ချခဲ့ခြင်းနှင့် ပတ်
သက်၍ စက်ရုပ်လုပ်ငန်းလောကက ကြိုဆိုကြလေသည်။
စက်ရုပ်အခွန် ကောက်ယူခြင်းသည် စီးပွားရေးအရ ယှဉ်ပြိုင်လုပ်ကိုင်မှုနှင့် အလုပ်သမား ငှားရမ်းလုပ်ကိုင်ခြင်းတို့ အပေါ် ဆိုးကျိုးသက်ရောက်စေနိုင်သည်ဟု ယူဆကြောင်း နိုင်ငံတကာစက်ရုပ်နည်း ပညာအဖွဲ့ချုပ်က ပြောကြားသည်။
စက်ရုပ်များ အသုံးပြုခြင်းသည် ကုန် ထုတ်လုပ်မှုစွမ်းပကားတိုးတက်မြင့်မားရေး
အတွက် အထောက်အကူပြုသည်ဟူသော အယူအဆဘက်မှ ထောက်ခံပြောဆိုခြင်း ဖြစ်သည်။
စက်မှုစွမ်းအားဖြင့် ခေတ်ကျော်လွှားဖို့ လုပ်နေကြချိန်တွင် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ ၌ စက်ရုပ်များကို အကြီးအကျယ်အသုံးချ လာနေကြသည်။ သာဓကတစ်ရပ်ကို ညွှန်းဆိုရလျှင် ဂျာမနီနိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍတွင် စက်ရုပ်များကို ပုံအောစေခိုင်းလျက်ရှိခြင်းဖြစ်သည်။
စက်ဦးနှောက် သုတေသန
ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် တာစူ နေသည့် ဗြိတိန်နိုင်ငံသည် ပြည်ပမှ လာ ရောက်လုပ်ကိုင်သည့် အလုပ်သမားများ လစ်ဟာသွားချိန်တွင် ဖြစ်ပေါ်လာနိုင် သည့် လေဟာနယ်ကို ဖြည့်ဆည်းနိုင်ရေး အတွက် စက်ရုပ်နှင့် စက်ဦးနှောက်ဆိုင်ရာ သုတေသနလုပ်ငန်းများကို တိုးချဲ့ရန် မဟာဗျူဟာချမှတ်ထားလေသည်။
ယနေ့ကာလ ကမ္ဘာတစ်ဝန်းတွင် ခေတ် စားနေသော စက်ဦးနှောက် တော်လှန်ရေး တွင် ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်နေ သည့် နိုင်ငံတစ်နိုင်ငံမှာ ဗြိတိန်နိုင်ငံဖြစ် သည်။
စက်ဦးနှောက်နည်းပညာနှင့် ဒစ်ဂျစ်တယ်နည်းပညာတို့အရ ရှေ့တန်းတွင် ရပ်တည် နိုင်လျှင် နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက် မှုရှိမည်ဟု ဗြိတိန်အစိုးရအဖွဲ့က မဟာဗျူ ဟာချမှတ်ထားသည်။
ဤတွင်ရွေ့ကား ကျွန်ုပ်အနေဖြင့် စက် ဦးနှောက်နည်းပညာနှင့် ပတ်သက်၍
လေ့လာမိပေသည်။ စက်ဦးနှောက်ဟူသည်Artificial Intelligence (AI) ကို ရည်ညွှန်း ပြီး လူတို့ဖန်တီးထားသော အသိÓဏ် (သို့မဟုတ်) Óဏ်တုဟု ခေါ်တွင်သည်။
စက်ဦးနှောက်သည် ကွန်ပျူတာ သိပ္ပံ ပညာ၏ ဘာသာရပ်ခွဲတစ်ခုဖြစ်သည်။ စက်ဦးနှောက်ဖန်တီးရေး နည်းပညာတိုး တက်လာမှုနှင့်အတူ လာမည့်နှစ်ပေါင်း ၃ဝ အကြာတွင် စက်ဦးနှောက်က လူ ဦးနှောက် (အိုင်ကျူ)ထက် သာလွန်လိမ့် မည်ဟု သုတေသီတို့က ကြွားလုံးထုတ်ထားသည်။
စက်ဦးနှောက်နည်းပညာကို မြှင့်တင် နေသော အာရှနိုင်ငံတစ်နိုင်ငံမှာ ဂျပန်
နိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံရှိ ဟွန်ဒါကုမ္ပဏီ သည် မောင်းသူမဲ့ မော်တော်ယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် စက်ဦးနှောက် နည်းပညာကို သုတေသနပြုလုပ်ရန် စီစဉ် လျက်ရှိသည်ဟု ဖေဖော်ဝါရီ ၂၈ ရက် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံ၌ ၁၉၈ဝ ပြည့်လွန်နှစ်များမှ စ၍ ပဉ္စမမျိုးဆက် ကွန်ပျူတာစနစ်များ စီမံကိန်းဟု အမည်ပေးထားသော အစီအစဉ်ဖြင့် စက်ဦးနှောက်သုတေသနလုပ် ငန်းကို အစိုးရအဖွဲ့နှင့် စက်မှုလုပ်ငန်းတို့ပူးတွဲ၍ အကောင်အထည်ဖော်လာခဲ့ သည်။
ဂျပန်နိုင်ငံသည် စက်ရုပ်နည်းပညာအရ အာရှထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် အခိုင်အမာရပ်တည်လျက်ရှိပြီး ကမ္ဘာပေါ်တွင် စက်မှုလုပ်ငန်းသုံး စက်ရုပ်အရေအတွက် အများဆုံးရှိသည့် နိုင်ငံများအနည်းငယ် တွင် ပါဝင်သည်။
တရုတ်နိုင်ငံကလည်း ဂျပန်နိုင်ငံနှင့်အပြိုင် စက်ဦးနှောက်နည်းပညာကို အစွမ်း
ကုန် လိုက်စားလေ့လာလျက်ရှိသည်ဟု ကျွန်ုပ်မှတ်သားရ၏။
စက်မှုလုပ်ငန်းသုံး စက်ရုပ်များ
အာရှနိုင်ငံများ၌ စက်မှုလုပ်ငန်းသုံး စက်ရုပ်များ အသုံးပြုမှုမှာ တရိပ်ရိပ်တိုး လာနေသည်။ နိုင်ငံတကာ စက်ရုပ်နည်း ပညာအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ စက်ရုပ်နည်းပညာဆိုင်ရာ အစီရင်ခံစာ (၂ဝ၁၆) အရ အာရှနိုင်ငံများ၌ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ကာလအတွင်း စက်မှုလုပ်ငန်းသုံး စက်ရုပ်အရေအတွက် ၇ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ရာ စက်ရုပ်ပေါင်း ၈၈၇၄ဝဝ အထိ ရောက်ရှိ လာပြီဟု ကျွန်ုပ်မှတ်သားရ၏။
အာရှဒေသ၌ ၂ဝ၁၅ ခုနှစ် တစ်နှစ် တည်းမှာပင် စက်ရုပ်ရောင်းချရမှု ၁၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရောင်းချရသော စက်ရုပ်အရေအတွက် ၁၆ဝ,၆ဝဝ အထိရှိ ခဲ့သည်။ စက်ရုပ်ရောင်းချရမှုမှာ လေးနှစ် ဆက်တိုက် တိုးလာခဲ့ပြီး ယင်းနှစ်တွင် အရောင်းစံချိန်တင်ခဲ့လေသည်။
ကမ္ဘာပေါ်တွင် စက်မှုလုပ်ငန်းသုံး စက် ရုပ်များအတွက် အကြီးဆုံးသော ဈေးကွက်တည်ရှိရာနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ သြစတြေးလျနှင့် နယူးဇီလန်တို့အပါအဝင် အာရှနိုင်ငံများသို့ ရောင်းချပေးသည့် စက်
ရုပ်အရေအတွက်၏ ၄၃ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံက ပြုလုပ်သော စက်ရုပ်များ ဖြစ်ကြသည်။ စက်မှုလုပ်ငန်းသုံး စက်ရုပ် ဈေးကွက်တွင် တောင်ကိုရီးယားက ၂၄ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ဂျပန်က ၂၂ ရာခိုင် နှုန်းဖြင့် တတိယနေရာတွင် ရှိနေသည်။
စက်ရုပ်အခွန် ကောက်ယူရေး အယူ အဆကို ထောက်ခံသူ သူဌေးကြီး ဘီလ်ဂိတ်သည် ပရဟိတသမားဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကို မြှင့်တင်သူဖြစ် သည်။ စက်ရုပ်အခွန်မှရသော ငွေကြေးဖြင့်
ရန်ပုံငွေမတည်ကာ အလုပ်လက်မဲ့များအား လေ့ကျင့်သင်တန်းပေးပြီး ¤င်းတို့ကို စက် ရုပ်မလုပ်နိုင်သည့် နယ်ပယ်များတွင် လုပ် ကိုင်စေလိုရင်းဖြစ်သည်။
နည်းပညာ မည်သို့ပင် တိုးတက်လာစေ ကာမူ 'မနုဿ' လူသားတို့အတွက် အရေး အကြီးဆုံးမှာ လူစိတ်ရှိဖို့ဖြစ်၏။ လူစိတ် ဟူသည်ကား ကိုယ့်အောက်နိမ့်သူအပေါ် ကရုဏာ၊ ကိုယ့်ထက်မြင့်သူအပေါ် မုဒိတာ၊
တန်းတူအပေါ် မေတ္တာ၊ သူ့ဓမ္မသူဆောင် သူကို ဥပေက္ခာထားခြင်းဖြစ်သည်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာ
ဟူသော 'ဗြဟ္မစိုရ်' တရားခေါင်းပါးလျှင် လူအချင်းချင်း ပြိုင်ဖို့ ဝန်မလေး၊ အနိုင်ယူ ဖို့လည်း ဝန်မလေး၊ အကောက်ကြံဖို့လည်း ဝန်မလေးတော့ချေ။ လူပါးဝခြင်း၊ လူပါး လူနပ်လုပ်ခြင်း၊ လူလည်လုပ်ခြင်းတို့သည် 'ဗြဟ္မစိုရ်' တရားကင်းမဲ့သည့် လူမဆန် သော လုပ်ရပ်သာဖြစ်ပေရာ ကိုယ်ကျင့် တရားပျက်သူ၏ ဆိုးညစ်ယုတ်မာမှုသာ ဖြစ်တော့သည်။ လူပါးဝခြင်း၊ လူလည်လုပ် ခြင်းဖြင့် ကိုယ်ကျင့်တရားပျက်ပြီဆိုလျှင် မကောင်းသော ဘုံဘဝ၌သာ အဖန်ဖန် တလဲလဲ ကျင်လည်ရတတ်ပုံကို တွေးတော မိရင်း ''အပါးလည် အပါယ်လား ဖြူစင် စိတ်ကိုထား'' ဟူ၍ ကျွန်ုပ် ကျူးရင့်မိပါ
သတည်း။ ။

No comments:

Post a Comment