
ရန်ကုန် မတ် ၃
မတ် ၁ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်ပေးမည့် ကျပ် ၅ဝဝ တန် အောင်ဘာလေထီလက်မှတ်များကို မြန်မာတစ်နိုင်ငံလုံးရှိ ကိုယ်စားလှယ် ၂ဝဝဝ ကျော်ထံသို့ ထုတ်ဝေရောင်းချ ပေးထားရာတွင် ''က''အက္ခရာမှ ''သ'' အက္ခရာအထိ အက္ခရာ အလုံး ၃ဝ၊ အရန် ထီအဖြစ် ''ဟ'' အက္ခရာနှင့် ''ဠ'' အက္ခရာ ( ''အ'' အက္ခရာ မပါဝင်) အပါ အဝင် အရန်ထီ ''ကက'' အက္ခရာမှစ၍ အက္ခရာ အရေအတွက် ၅၂ လုံး ရိုက်နှိပ်ထားပြီး လက်ရှိတွင် အက္ခရာ ၃၅ လုံးကျော် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
ဆက်လက်၍ ဝယ်ယူလိုသူများကို အရန်ထီလက်မှတ်များ ရောင်းချပေး လျက်ရှိရာ ရောင်းချရန် ကျန်ရှိနေသေးသည့် အက္ခရာ ၁၆ လုံးကျော်ကို အနည်းဆုံး ထီစာအုပ်ရေ ၁ဝဝ နှင့်အထက် ဝယ်ယူလိုသူများအား ရောင်းချမည်ဖြစ်ပြီး TF-1 ချလန်ဖြင့် ဘဏ်သို့ ငွေသွင်းပြီး ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ဧပြီ ၁ ရက်တွင် ဖွင့်လှစ်မည့် (၁) ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီလက်မှတ်စာအုပ်များကို အက္ခရာအရေအတွက် ၅၂ လုံး၊ ထီစာအုပ်ပေါင်း ၄၂၅၄၅၃၆ အုပ်၊ ထီစောင်ရေပေါင်း ၄၆၇၉၉၈၉၆ စောင် ထုတ်ဝေထားပြီး ရောင်းချပြီးအက္ခရာအရေအတွက်မှာ ၃၅ လုံးကျော်၊ ထီစာအုပ်ပေါင်း ၂၈၈၈၈၈၉ အုပ်၊ ထီစောင်ရေပေါင်း ၃၁၇၇၇၇၇၉ စောင်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ရောင်းချပေးမည့် အရန်ထီများမှာ အက္ခရာအလုံးရေ ၁၆ လုံးကျော်၊ ထီစာအုပ်ပေါင်း ၁၃၆၅၆၄၇ အုပ်၊ ထီစောင်ရေပေါင်း ၁၅ဝ၂၂၁၁၇ စောင်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ မတ် ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကျန်ရှိထီလက်မှတ်များကို မတ် ၃ ရက်မှ ၂၄ ရက် အထိ ရောင်းချပေးသွားမည်ဟု သိရသည်။
ကျပ် ၅ဝဝ တန် အောင်ဘာလေထီတွင် ချီးမြှင့်မည့် ဆုကြေးများမှာ အမြင့်ဆုံးဆု ကျပ်သိန်း တစ်သောင်းနှင့် ကျပ်သိန်း ၅ဝဝဝ၊ ကျပ်သိန်း ၁ဝဝဝ ဆုများပါဝင်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ် ၅ဝဝဝဝ ဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ၂ဝ၁၇ ရက်နေ့ ဖေဖော်ဝါရီ ၂၈ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ၅ဝဝ ကျပ်တန် ထီလက်မှတ်များ ရောင်းချခြင်းနှင့်ပတ်သက်၍ ထီလက်မှတ်ပေါ်တွင် ရိုက်နှိပ်ထားသော မူရင်းထီ လက်မှတ်တန်ဖိုးအတိုင်း ရောင်းချရန်နှင့် တန်ဖိုးအတိုင်း ရောင်းချခြင်းမပြုပါက ပဋိညာဉ်စာချုပ်ပါအတိုင်း ထီကိုယ်စားလှယ်အား အမည်ပျက်စာရင်း (Black List) အဖြစ် သတ်မှတ်မည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် လစဉ်ထီစာအုပ် ဝယ်ယူခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ ထီအရောင်းကိုယ်စားလှယ်က ဌာနသို့ ပေးသွင်းထားသည့် အာမခံငွေ (Deposit) အား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းတို့ကို ဆောင်ရွက်မည်ဟု ထည့်သွင်းကြေညာထားသည်။
ယင်းအပြင် ထီထိုးကံစမ်းမည့် ပြည်သူများအနေဖြင့်လည်း ထီ တစ်စောင်ခြင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ၊ အုပ်လိုက်ဖြစ်စေ မူရင်းဈေးနှုန်းအတိုင်း ရောင်းချသည့်ဆိုင်များတွင်သာ ဝယ်ယူကံစမ်းကြရန်နှင့် ဈေးပိုရောင်းသည်များကိုတွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်သည့် ဌာန၏ ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းကြေညာခဲ့သည်။
သတင်း - ဆုနှင်းလဲ့
ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)
No comments:
Post a Comment