ရန်ကုန် မတ် ၃
ရွှေတိဂုံစေတီတော် ၂၆ဝ၅ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယနေ့နံနက် ပိုင်းက ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များက နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များအား ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ဖွင့်ပွဲအခမ်းအနားကို ချမ်းသာကြီးတန်ဆောင်း၌ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်စိုးက ဗုဒ္ဓပူဇနိယမင်္ဂလာအဖွင့် စကားဖတ်ကြားလျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ ရွှေတိဂုံစေတီတော်သြဝါဒါစရိယ ရန်ကင်းမြို့နယ် ကျိုက်ပိကျောင်း မဟာဓမ္မိကာရုံပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဂုဏေသနထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့ များက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ရောင် မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သောအားဖြင့် ရွှေတိဂုံစေတီတော်သြဝါဒါစရိယ ဆရာတော်များနှင့် ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်စိုးတို့က ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား ဖွင့်လှစ်ကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ဒေသနာတော်များကို ရွှေတိဂုံစေတီတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ဗဟိုမဏ္ဍပ်အတွင်းရှိ ဘာသာရေးအသင်း အဖွဲ့များ၊ အရုဏ်ခံမုခ်ဦး လေးခုတွင် နေရာယူထားကြသော ပရိသတ်များက ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်မှ အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်များ ဆက်လက်ရွတ်ဖတ်ပူဇော်သည်။
ရွှေတိဂုံစေတီတော်၏ ၂၆ဝ၅ နှစ်မြောက် ဗုဒ္ဓပူဇနိယ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းဓမ္မပူဇာကို သြဝါဒါစရိယဆရာတော်ကြီးများ၏ ကျောင်းတိုက်များမှ သံဃာတော် အရှင်မြတ်အပါး ၁၂ဝ တို့က နေ့စဉ်အလှည့်ကျ ယနေ့မှ မတ် ၁၂ ရက် တပေါင်းလပြည့်နေ့အထိ ၁ဝ ရက်တိုင်တိုင် ၂၁၆ နာရီ အသံမစဲ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။
(ဇော်မင်းလတ်)

No comments:
Post a Comment