
မန္တလေး မတ် ၂
မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ သင်္ကြန်ကာလအတွင်း သွေးလိုအပ်သည့်လူနာများ အတွက် အချိန်မီစုဆောင်းနိုင်ရန် မတ်လမှ စတင်လုပ်ဆောင်နေရာ သွေးအလှူရှင်များလိုအပ်လျက်ရှိကြောင်း ယင်းဆေးရုံကြီးမှ သွေးလှူဘဏ်တာဝန်ခံ ရောဂါဗေဒ ဆရာဝန်ကြီး ဒေါက်တာခင်မြမွန်က ပြောသည်။
အဆိုပါဆေးရုံကြီးတွင် နှစ်စဉ် တစ်နှစ်လျှင် ယူနစ် ငါးသောင်းကျော်သုံးစွဲနေရပြီး လိုအပ်သည့် သွေးများ စုပေါင်းသွေးလှူခြင်း၊ လာရောက်လှူဒါန်းခြင်း၊ မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်မြို့နယ်များသို့ သွားရောက်စုဆောင်းခြင်းများဖြင့် ၇ဝ ရာခိုင်နှုန်း ရရှိပြီး ကျန်ရှိသည့် ၃ဝ ရာခိုင်နှုန်းကို သွေးအစားထိုး ပေးခြင်းများဖြင့် လုပ်ဆောင်လျက်ရှိပြီး သင်္ကြန်ရက် များတွင် အလှူရှင်မရှိသည့်အတွက် ကြိုတင်စုဆောင်းခြင်းဖြစ်ကြောင်း သိရသည်။
''သင်္ကြန်ရုံးပိတ်ရက် ၁ဝ ရက်ကျော်အတွက် လိုအပ်မယ့်သွေးကို မတ်လလောက်ကနေစပြီး စုဆောင်းရပါတယ်။ သွေးလှူဒါန်းသူများမှ လူနာတွေအတွက် အကျိုးရှိမယ်။ လူနာတွေအသက်ကို ကယ်တင်ဖို့ သွေးက အရေးကြီးဆုံးဖြစ်ပါတယ်။ သွေးလှူဒါန်းတဲ့ ရာခိုင်နှုန်းပိုပြီးများဖို့အတွက် ကူညီပေးကြဖို့ ပြောချင်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယခုအခါ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသည် အထက်မြန်မာနိုင်ငံတွင် အကြီးဆုံး ဆေးရုံကြီးဖြစ်ပြီး ပုံမှန်ကုသမှုများနှင့် ကျောက်ကပ် ခွဲစိတ်အစားထိုးကုသခြင်း၊ နှလုံးခွဲစိတ်ကုသခြင်းများအပြင် အသည်းအစားထိုးကုသမှုကိုပင် စတင်တော့မည်ဖြစ်သည့်အတွက် သွေးအသုံးပြုမှုမှာ မြန်မာနိုင်ငံတွင် ဒုတိယအများဆုံး ဆေးရုံကြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကုသမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာသည့်အတွက် ဆေးရုံကိုလာရောက် ကုသကြသည့် လူနာဦးရေမှာလည်း များပြားလာသောကြောင့် သွေးလိုအပ်မှုမှာလည်း ပိုမိုပြီးမြင့်မား နေသည့်အတွက် အသက်(၁၈)နှစ်မှ (၅၅)နှစ်အတွင်း သွေးလှူရှင်များ ပိုမိုလှူဒါန်းနိုင်စေရန် ဖိတ်ခေါ်ထားပြီး ပုံမှန်အားဖြင့် လာရောက်လှူဒါန်းသည့် သွေးလှူရှင်ဦးရေမှာ တစ်ရက်လျှင် ၁၅ဝ မှ ၂ဝဝ အတွင်းရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
No comments:
Post a Comment