Friday, March 3, 2017

ကြေးမုံ ဖတ်ကြည့်



Image may contain: sky
ကျော်စောမင်း
မြန်မာစာပေပြန့်ပွားရေး၊ တိုးတက်ထွန်းကားရေးနှင့် စာဖတ်ပရိသတ်များ စာအုပ်စာပေအပေါ်တွင် ပိုမိုစိတ်ဝင်စားမှု ရှိစေရေးအတွက် ''ကြေးမုံဖတ်ကြည့်''ကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ပါသည်။ ကြေးမုံဖတ်ကြည့်ကဏ္ဍသည် စာအုပ် ထုတ်ဝေမှုသတင်းများကိုလည်း ပုံမှန်ဖော်ပြပေးခြင်းဖြင့် စာသမားများ၏ချင်ခြင်းကို တစ်ဖက်တစ်လမ်းမှ ကူညီပေးလိုပါသည်။ ပုံနှိပ်ထုတ်ဝေမှုသတင်း၊ ကြေးမုံဖတ်ကြည့်ကဏ္ဍဟု ထင်ရှားစွာလိပ်မူ၍ အမှတ်(၇၇)၊ (၅၂)လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် ပုဇွန်တောင်မြို့နယ် ရန်ကုန်မြို့ ကြေးမုံသတင်းစာတိုက်သို့ ပေးပို့နိုင်ကြပါသည်။
၁။ ဗုဒ္ဓဂယာ
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂယာမြို့ရှိ ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးကြီးပြီး အလွန်လည်းတန်ဖိုးကြီးသော ဌာနတစ်ခုဖြစ်သည်။ မြန်မာအများစုက ဗုဒ္ဓဂါယာဟု ခေါ်ကြသော်လည်း သူတို့က Budh Gaya ဗုဂယာဟုပဲ အသံထွက်သည်။ ထိုစာလုံးတွင် သီးခြားအဓိပ္ပာယ်ရှိသည်။ မပြောသင့်ဟု ယူဆ၍ မပြောတော့ပါ။ ယခုဖော်ပြမည့် စာအုပ်နှစ်အုပ်အနက် တစ်အုပ်တွင် ခြေရာကောက်နိုင်ကြပါသည်။
တစ်ချိန်က ဘာသာခြားများ သိမ်းပိုက်ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဗုဒ္ဓဘာသာဝင်များအတွက် အရေးကြီးလှသော်လည်း အခြားဘာသာဝင်များအတွက်မူ အုတ်ပုံမျှသာ ဖြစ်သော ထိုအဆောက်အအုံတို့ကို ရှာဖွေထုတ်ဖော်ပြီး နေရာမှန်သို့ ပြန်ရောက်ရန် ကြိုးပမ်းခဲ့သူနှစ်ဦးရှိသည်။ တစ်ဦးမှာ ကိုလိုနီခေတ် ကျောက်စာဝန် (ရှေးဟောင်း သုတေသနညွှန်ကြားရေးဝန်) ကန်နင်ဟမ် ဖြစ်၏။ သူက ခရစ်ယာန်ဘာသာဝင်။ ထို့ကြောင့် ဘာသာရေးမျက်စိဖြင့် မကြည့်။ ရှေးဟောင်းသုတေသနပညာရှင်မျက်စိဖြင့်သာ ကြည့်သည်။ ဗြိတိသျှအစိုးရသည် ကိုလိုနီဝါဒီနယ်ချဲ့များ ဖြစ်သော်လည်း အုပ်ချုပ်ရေးကိစ္စရပ်များတွင် အလွန် စေ့စေ့စပ်စပ်ရှိသည်။ ကျွန်းပင်များကို မျက်စိကျသည့်တိုင် ကျွန်းတောမပျောက်ရေးကို စီမံသည်။ ထို့အတွက် သစ်တောပညာရှင်များကိုသာ သစ်တောမင်းကြီးချုပ်အဖြစ် တာဝန်ပေးသည်။ သစ်တောမချစ်တတ်သူ၊ သစ်တောအကြောင်း နားမလည်သူကို သစ်တောဝန်ထမ်းအဖြစ်ပင် ခွင့်မပြု။ ရုံးစာရေးလောက်ပဲ ခန့်မည်။
ရှေးဟောင်းသုတေသနဌာန၏ အကြီးအကဲမှာလည်း ရှေးခေတ်အမွေကို ရှာဖွေတတ်သူ၊ ရှေးခေတ်အမွေကို ချစ်တတ်သူ Archeologist သာ ဖြစ်ရမည်။ စေတီနှင့်ပုထိုး ဘာကွာခြားမှန်းမသိဘဲ ဝန်ကြီးတက်ဖြစ်နေတတ်သော တိုင်းပြည်များနှင့်ကွာသည်။ ပုဂံကို မြေတူးစက်ဖြင့် တူးချင်သူ၊ ဘုရားကြား ဟိုတယ်ဆောက်ချင်သူတွေကြောင့် ပုဂံသည် ယူနက်စကိုအသိအမှတ်ပြု ရှေးဟောင်းအမွေ အနှစ်စာရင်းမှ မှေးမှိန်သွားခဲ့သည်မှာ စိတ်ပျက်ဖို့ကောင်းလှသည်။ အာရှတစ်ခွင်တွင် ဗုဒ္ဓဘာသာ ဗိသုကာလက်ရာ၌ ပုဂံကိုမီနိုင်သည့်နေရာမရှိ။ ရှေးဟောင်းအမွေအနှစ် အဖြစ်ပဲကြည့်ကြည့်၊ ဗုဒ္ဓဘာသာ ဗိသုကာလက်ရာအဖြစ်ပဲ ကြည့်ကြည့် ပုဂံ၏တန်ဖိုးသည် အန်ကောဝပ်တို့ ဗောရောဗုဓတို့ထက် အများကြီးမြင့်သည်။
ရှေးဟောင်းလက်ရာကို ကမ္ဘာ့အမွေအနှစ်အဖြစ် မြင်တတ်သောပညာရှင် ကန်နင်ဟမ်၏လက်တွင် အိန္ဒိယပြည်၏ ဗုဒ္ဓခေတ်လက်ရာများသာမက ဟိန္ဒူယဉ်ကျေးမှု အမွေအနှစ်များပါ တန်ဖိုးမြင့်လာပါတော့သည်။ လွန်ခဲ့ သော နှစ်ပေါင်း ၂၅ဝဝ ကျော်မှ ယဉ်ကျေးမှုလက်ရာများနှင့် ဘာသာရေးအထိမ်းအမှတ်များကို ဗုဒ္ဓဘာသာပိုင်နက် အဖြစ် ပြန်လည်တွေ့မြင်ရသည်မှာ ထိုပညာရှင်၏ ကျေးဇူးဖြစ်သည်။ သူ၏ ပညာချစ်စိတ်ကို မှတ်တမ်းတင်ရပါမည်။
နောက်တစ်ဦးကတော့ ဘာသာရေးအခြေခံသည့် ကြည်ညိုစိတ်ဖြင့်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သူလည်း အိန္ဒိယ ပြည်သား မဟုတ်။ သီဟိုဠ်မှ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။ ဓမ္မပါလလို့အမည်ရပေမယ့် Baikku ဘိက္ခုခေါ်တဲ့ ရဟန်း မဟုတ်ပါ။ အနာဂါရိက Anagarika ခေါ်လူသူတော်ပါ။ သူက မိဂဒါဝုန်တစ်ဝိုက်ကို အထူးပြုမွမ်းမံသည်။ ဗုဒ္ဓဘာသာနှင့်ဆိုင်သော နေရာဒေသများ၊ အဆောက်အအုံများတွင် တခြားဘာသာဝင်များအပိုင်စီးခြင်းမျိုးတွေမှာ ဝတ္တက မြေသန့်သန့် ပြန်ဖြစ်ရန် (လွတ်လပ်ရေးအပြီးမှာ)အိန္ဒိယလွှတ်တော်အထိတက်ပြီး အရေးဆိုခဲ့သူဖြစ်သည်။ သူ့ကြောင့် ကျွန်တော်တို့သည် မဇ္ဈိမဒေသမှ ဗုဒ္ဓဘာသာ နယ်မြေများ ယနေ့တွေ့ရသည့်အခြေအနေသို့ ရောက်လာပါသည်။
ဗုဒ္ဓဂယာနှင့်ပတ်သက်၍ ခရီးသွားမှတ်တမ်း ရေးကြတာရှိခဲ့သည်။ စာရေးသူ(များ)ကိုယ်တိုင် ပါဝင်သရုပ် ဆောင်ထားသော ဓာတ်ပုံများကိုလည်း ဝေဝေဆာဆာ ထည့်တတ်သည်။ တချို့စာအုပ်တွေမှာ ခရီးစဉ်မှတ်တမ်း လောက်မျှသာ ဖြစ်သည်။ ခရီးသွား၊ ခရီးပို့ကုမ္ပဏီတွေကလည်း လမ်းညွှန်စာအုပ်များ ပြုစုဝေငှတတ်ကြသည်။
ဗုဒ္ဓဂယာနှင့် မဇ္ဈိမဒေသတစ်ခွင် ဘုရားဖူးခရီးသည် ဗုဒ္ဓဘာသာဝင်များအတွက် အရေးကြီးသောခရီးဖြစ်၏။ တစ်ချိန်တုန်းကတော့ မြန်မာဘုရားဖူးရှားပါးလှ၍ ဘုန်းတော်ကြီးကျောင်းများကအစ စည်စည်ပင်ပင်မရှိခဲ့ပါ။ ထိုစဉ်က နိုင်ငံကူးလက်မှတ်ရရန် ခက်လှ၏။ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်မရှိသောခေတ်ဖြစ်ပြီး ဘုရားဖူးခရီးဆိုလျှင် နိုင်ငံတော်ဘက်မှ ဒေါ်လာ သို့မဟုတ် ရူပီးထုတ်ပေးရမှာ ကြောင့်လည်းဖြစ်သည်။ ဗုဒ္ဓဂယာဘုရားဖူးခရီးခွင့်ပြုသည်ဆိုပြီး ၁၉၈၅ လောက်တွင် တစ်ကြိမ်လုပ်ခဲ့ဖူးသည်။ တစ်ဖွဲ့ မှာ ၂၂ ယောက်နှုန်းဖြင့် ခွင့်ပြုသည်။ နှစ်ဖွဲ့ပဲ သွားခွင့်ရပြီး ရပ်သွားပါ၏။
ယခုကား အများကြီးလွယ်ကူသွားပါပြီ။ ဗုဒ္ဓဂယာတို့၊ သာဝတ္ထိတို့၊ ဗာရာဏသီတို့မှာသာမက နီပေါနယ်စပ်ရှိ နောင်တန်ဝတို့၊ မြောက်ပိုင်းမှ သင်္ကဿနဂိုရ်တို့မှာပင် ကြီးမားသောဘုန်းကြီးကျောင်းတွေ ရှိလာပါပြီ။ မြန်မာ ဘုရားဖူးများအတွက် အလွန်အဆင်ပြေလာပါပြီ။
ဤကဲ့သို့ ဘုရားဖူးခရီးထွက်ခွင့်ရလာသောအခါ တချို့က မှတ်တမ်းများပြန်ဖတ်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ကြသည်။ တချို့က စာအုပ်ပါအတိုင်း စုံစုံစေ့စေ့ လေ့လာနိုင်ရန် စာအုပ်ယူသွားကြသည်။
ထိုကိစ္စအတွက် စာအုပ် နှစ်အုပ်ကို ညွှန်းလိုပါသည်။
၂။ မနှင်းဖွေး၏ မဇ္ဈိမပုံရိပ်လွှာ
မသွားခင်ပြင်ဆင်ရမှုများမှအစ ခရီးတစ်လျှောက် ကြုံတွေ့ရသမျှအထိ ခရေစေ့တွင်းကျ ရေးထားသည်။ ရသစာပေရေးနေသူဖြစ်၍ ခရီးသွားမှတ်တမ်းမှာပင် ရသမြောက်အောင် ရေးနိုင်ခြင်းကို တွေ့ရပါသည်။ ရသအပေါ်ဆုံးမှာ ယမုန်နာလမ်းမကြီး Jumna Highway ပေါ်တွင် ကားမှောက်ခန်းဖြစ်မည်ထင်သည်။ (ထွန်းဖောင်ဒေးရှင်း၊ စာပေကော်မတီ၊ ဒုတိယအကြိမ်၊ ၂ဝ၁၅ ဒီဇင်ဘာ)
၃။ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာဘုရားဖူးများသို့
ဆရာတော်သည် သာမန်ကျမ်းပြုဆရာမဟုတ်။ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဖြစ်သည်။ ဘုရားဖူးခရီးကို ရေးရာတွင် အစုံအလင်ဖြစ်သွားစေရန် သုံးခေါက်ပေါင်း တစ်အုပ်ရေးခြင်းဖြစ်၏။ ဗုဒ္ဓဝင်လာဖြစ်ရပ်များ၊ သမိုင်း မှတ်တမ်းများ၊ မြေပုံများ၏ အထောက်အပံ့ကို စနစ်တကျ ယူကာ လက်စွဲကျမ်းကြီးတစ်စောင်ဖြစ်အောင် အားထုတ်ထားသည်။ နီပေါမြို့တော် ခတ္တမန္တူသို့ပင်ရောက်သော ခရီး၌ အစာမတည့်၍ ဝမ်းဗိုက်ဒုက္ခရောက်ပြီး အထူးအစီ အစဉ်ဖြင့် ပြန်ကြွလာရပုံကို ဖတ်ရသည့်အခါ မနှင်းဖွေး ကားမှောက်သည်ကို သတိရမိသေးသည်။
ဤစာအုပ်၏ ထူးခြားချက်မှာ ကျမ်းစုံညှိ၍ မူကွဲများ ဖော်ပြခြင်း၊ သက်ဆိုင်သမျှ အတိတ်ဇာတ်လမ်းများကို ထည့်သွင်းပေးခြင်းနှင့် ဝေါဟာရရှင်းလင်းချက်များပါ ပေးခြင်းဖြစ်သည်။ ကျောဖုံးအတွင်းပါ မြေပုံကလည်း အလွန်ကောင်းလှသည်။ ဒီရာပရာဒေ့ရှ်ပြည်နယ် ဘိုပါးလ် မြို့အနီးရှိ ဆန်ချီစေတီကိုလည်းကြွရောက်သည်။ အနောက် ဘင်္ဂလားပြည်နယ်သို့ကူးပြီး ကိုးလ်ကက္တားသို့လည်း ရောက်သည်။ ဘာသာရေးဆိုင်ရာ ဗဟုသုတအပြင် ဒေသန္တရ ဗဟုသုတအတွက်ပါ မြတ်နိုးထိုက်သော ကျမ်းတစ်စောင်ဟု ပြောလိုပါသည်။ ပညာရှင်ဆန်သော ချဉ်းကပ်မှုများမှာ အတုယူဖွယ်ကောင်းလှပါ၏။
(တိပိဋက မဟာဂန္ထဝင်ကျောင်းတိုက် ဒဂုံမြို့သစ်အရှေ့၊ ဒုတိယအကြိမ်၊ ၂ဝ၁၁ အောက်တိုဘာ)

No comments:

Post a Comment