
နေပြည်တော် မတ် ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယမန်နေ့နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်၌ ထားဝယ်မြို့ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားတိုင်း မူလတန်းပညာသင်ယူပြီးမြောက်နိုင်စေရေးနှင့် အလယ်တန်းနှင့် အထက်တန်းပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် အခြေခံပညာကျောင်းများအသစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းအဆင့်တိုးမြှင့်ပေးခြင်းတို့ကို သွားလာရေးခက်ခဲသောဒေသများတွင် ဦးစားပေးတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသားများကို စာမေးပွဲအောင်မြင်စေရန်သာမက အမှန်တကယ် တတ်မြောက်မှုရှိစေရန် သင်ကြားသင်ယူပေးစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိ စေမည့် သင်ကြားသင်ယူနည်းစနစ်များဖြင့် သင်ကြားပေးခြင်း၊ ဂီတ၊ အနုပညာ၊ ပန်းချီ၊ အားကစား၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်တတ်စေရန်လည်း တွန်းအားပေး ဆောင်ရွက်ကြစေလိုပါကြောင်း။
တက္ကသိုလ်များအနေဖြင့် ဒေသ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သောဒေသနှင့် လိုက်လျောညီထွေ ဖြစ်မည့် သုတေသနလုပ်ငန်းများကိုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် အရည်အသွေးမြင့်မား၍ ယှဉ်ပြိုင် နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အရည် အသွေးမြင့်မားသည့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာ စေရေးအတွက် နည်းပညာ၊ သက်မွေးပညာရပ်သင်ကျောင်းများကို တိုးမြှင့်ဖွင့်လှစ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တွေ့ဆုံ၍ ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းကြပြီး ထားဝယ်မြို့ရှိ ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် အထက(၁)ထားဝယ် တို့သို့ သွားရောက်ကာ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment