Wednesday, March 29, 2017

ရေအလဟဿဆုံးရှုံးမှု ကာကွယ်ရေး

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

ရေအသက်တစ်မနက်ဟူသော စကားသည် လူသားတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် ရေ၏အရေးပါပုံကို ပီပီပြင်ပြင် ဖော်òန်းပြသနေ ပါသည်။ အထူးသဖြင့် ရန်ကုန်ကဲ့သို့သော ပြည်သူလူထု သန်းချီနေထိုင် ကြသော မြို့ကြီးများတွင် သောက်ရေ၊ သုံးရေစနစ်တကျပေးဝေနိုင်ရေး သည် မဖြစ်မနေ ဖော်ဆောင်ပေးရမည့် လုပ်ငန်းတာဝန်ဖြစ်ပါသည်။ သို့သော် တိုးပွားလာသောလူဦးရေနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုတို့ကြောင့် ရေဟူသည် အကန့်အသတ်ဖြင့်သာရရှိနိုင်သော သယံဇာတရင်းမြစ် ဖြစ်လာပါသည်။ ဤသို့သော အခြေအနေမျိုး၌ ရေ အလဟဿဆုံးရှုံးမှုသည် နံပါတ်တစ် ဦးစားပေး ကိုင်တွယ်ဖြေရှင်း ရမည့်ပြဿနာဖြစ်လာပါသည်။ ရေအလဟဿဆုံးရှုံးမှုကို နည်းပညာ အသုံးအနှုန်းအရ Non-Revenue Water ဟု ခေါ်ဝေါ်ပါသည်။ ရေအလဟဿဆုံးရှုံးမှုတို့အနက် ရေယိုစိမ့်ပေါက်ထွက်ဆုံးရှုံးမှုသည် ၇၃ ရာခိုင်နှုန်းအထိရှိပြီး ရေမီတာချို့ယွင်းမှုကြောင့် ဆုံးရှုံးမှု (သတ်မှတ်အခ ကြေးငွေမရရှိမှု) သည် ၁၄ ရာခိုင်နှုန်းရှိပါသည်။ ရေတရားမဝင် သုံးစွဲမှု ကြောင့် ဆုံးရှုံးမှုက နှစ်ရာခိုင်နှုန်းသာရှိပါသည်။ ဤအချက်တို့က ရေမီတာ အပါအဝင် ရေဖြန့်ဝေမှုစနစ်တို့၏ အရေးပါပုံကို မီးမောင်းထိုး ဖော်ပြနေ ပါသည်။
ရန်ကုန်မြို့၌ လက်ရှိကျင့်သုံးနေသော ရေဖြန့်ဝေစနစ်သည် လိုအပ် ချက်အလိုက် တစ်မြို့လုံးကို ချိတ်ဆက်သွယ်တန်းဖြန့်ဝေခြင်းဖြစ်၍ နည်းပညာပိုင်းအရ အဖွင့်ဖြန့်ဝေစနစ် (open water network system) ဖြစ်ပါသည်။ ဤစနစ်၌ ရေမီတာတို့၏ ထိရောက်မှုနှင့် ရေအလဟဿ ဆုံးရှုံးမှုတို့ကို သိရှိတိုင်းတာနိုင်ရေးသည် မလွယ်ကူသော ကိစ္စဖြစ်ပါသည်။ ဒေသအလိုက် တိုင်းတာတွက်ချက် ကောက်ခံသောစနစ် (District Metering Area -DMA)သည် သုံးစွဲသော လူဦးရေ အပေါ်မူတည်၍ သီးခြားဇုန်တစ်ခု သတ်မှတ်ပြီး ပိုက်လိုင်းအရေအတွက်၊ ပိုက်လိုင်းအရှည်၊ ရေမီတာအရေအတွက်၊ ရေပိုက်အဆို့ရှင်အရေအတွက် စသည်တို့ကို စနစ်တကျတွက်ချက်၍ ရေဖြန့်ဝေပေးခြင်းဖြစ်ပါသည်။ ဤစနစ်အရ သီးခြားသတ်မှတ်ထားသောဇုန်အတွင်း ရေမီတာတို့ရှိ ကိန်းဂဏန်းများနှင့် ပိုက်လိုင်းတစ်လျှောက် ရေဖိအားအပြောင်းအလဲ တို့ကို ဗဟိုထိန်းချုပ်စနစ်မှ နေ့စဉ်သိရှိနိုင်သည်ဖြစ်၍ ရေစိမ့်ယိုပေါက်ထွက် မှုတို့ကို ချက်ချင်းအရေးယူဆောင်ရွက်နိုင်ပါသည်။
ရန်ကုန်မြို့ရှိ အင်းစိန်မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်များ၌ ဒေသအလိုက် တိုင်းတာတွက်ချက်ကောက်ခံသောစနစ်(DMA) ကို ကနဦးစီမံကိန်းအဖြစ် (၁၈)လကြာ ဆောင်ရွက်ခဲ့ပါသည်။ ဤ ကနဦး စီမံကိန်း၏ ရလဒ်များအရ အင်းစိန်မြို့နယ် ထန်းပင်ကုန်း၌ ရေအလဟဿ ဆုံးရှုံးမှုသည် ၅၂ ရာခိုင်နှုန်းရှိနေရာမှ ဒေသအလိုက် တိုင်းတာတွက်ချက် ကောက်ခံသောစနစ်(DMA) ကြောင့် ၁၇ ဒသမ ၃၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါသည်။ တောင်ဥက္ကလာပမြို့နယ်အတွင်း၌လည်း ရေအလဟဿ ဆုံးရှုံးမှုသည် ၅၇ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါသည်။ ကနဦးစီမံကိန်းရလဒ်များက ရန်ကုန်မြို့ကဲ့သို့သော မြို့ကြီးများ၌ ရေ အလဟဿ ဆုံးရှုံးမှုကာကွယ်ရေးသည် ရေပိုမိုဖြန့်ဝေပေးရေးနည်းတူ အရေးပါကြောင်း ဖော်ပြနေသည်ဖြစ်၍ ရေအလဟဿဆုံးရှုံးမှု ကာကွယ် ရေးကို ပိုမိုအာရုံစိုက်ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော် အပ်ပါသည်။ ။

No comments:

Post a Comment