Wednesday, March 29, 2017

ချင်းပြည်နယ် အစိုးရအဖွဲ့၏ တစ်နှစ်တာ



Image may contain: 1 person, close-up
မောင်ချင်းဆွေ
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၏ အနောက်ဘက်၊ ရခိုင်ပြည်နယ်၏ မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှေ့ဘက်၊ အိန္ဒိယ နိုင်ငံ၏ အနောက်မြောက်ဘက်၊ မီဇိုရမ်ပြည်နယ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ တောင်စွယ်တောင်တန်းများဖြင့် ဖွဲ့စည်းထားသည့် အဆိုပါဒေသသည် ချင်းလူမျိုးများ၏ ဌာနေ ချင်းတောင်ပင်ဖြစ်သည်။
မြို့နယ် ကိုးမြို့နယ်ဖြင့်ဖွဲ့စည်းထား
ချင်းပြည်နယ်သည် ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇန်မြို့နယ်နှင့် ထန်တလန်မြို့နယ် ဟူသည့် ကိုးမြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။
ချင်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသည့်လမ်းများတွင် တံတားများ တည်ဆောက်နေဆဲဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတစ်မြို့နယ်နှင့် တစ်မြို့ နယ် ဆက်သွယ်ရေးအဆင်ပြေလာမည်ဖြစ်သည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ
၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ချင်းပြည်နယ် ထန်တလန်မြို့တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
မင်းတပ်မြို့၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် မဟာဓာတ်အားလိုင်း လျှပ်စစ်မီးရရှိ ထားပြီးဖြစ်ကာ ကျန်ရှိနေသေးသော ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်မြို့တို့တွင်လည်း မဟာ ဓာတ်အားလိုင်း လျှပ်စစ်မီးရရှိရန် ချင်းပြည် နယ်အစိုးရက ဆက်လက်ဆောင်ရွက်နေသည်။
၁၂ နာရီနှင့် အရောက်သွားနိုင်အောင်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ''တစ်နှစ်တာအတွင်း လုပ်ဆောင်မှုကတော့ အထူးသဖြင့် လမ်းပန်း ဆက်သွယ်ရေးကို အဓိကထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ချင်းပြည်နယ်တောင်ဘက်စွန်းနဲ့ မြောက်ဘက်စွန်း မိုင်ပေါင်း ၅ဝဝ ကျော်ကို ၁၂ နာရီနဲ့ သွားနိုင်တဲ့လမ်းဖြစ်အောင် ကြိုးစားနေပါတယ်။
''ကျီးခါးမြို့နယ် အင်ဖာလ်မှာဆိုရင် အေးအီးယာန်းနဲ့ ခင်မာန်းရွာကြားမှာ တံတားထိုးပြီး နယ်စပ်ဈေးဖွင့်ဖို့ စီစဉ်ထားတာရှိပါတယ်။ တွန်းဇန်မြို့နှင့် ကျီးခါးမြို့ကြားမှာရှိတဲ့ နတ်ဇန်တံတားကို တည်ဆောက်နေဆဲဖြစ်ပါတယ်။ ပေ ၄ဝဝ အရှည်ရှိတဲ့ နှာရိန်နဲ့ ရီဇွာ ကြား ဘွေနူးတံတား၊ မြစ်ရည်တံတားကို လက်ရှိ တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ တွန်းဇန်တံတား ပေ ၆ဝ၊ အိုင်စီတံတား၊ တီးတိန်နဲ့ တွန်းဇန်ကြားမှာ ဗာလ်ကျင်း တံတားပေ ၆ဝ နီးပါးရှိပါတယ်။ ကလေးနဲ့ နတ်ချောင်းကြားမှာရှိတဲ့ ငစစ်ဗားက တံတား ပေ ၆ဝ ၊ အိုင်စီတံတားကြီး တည်ဆောက်လျက် ရှိပါတယ်''ဟု ပြောသည်။
လေယာဉ်ကွင်း၊ သင်္ဘော၊ ဆိပ်ကမ်း တည်ဆောက်မည်
ချင်းပြည်နယ်သည် ကုန်းလမ်းခရီးဖြင့်သာ ဆက်သွယ်နိုင်သည့်ပြည်နယ်ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်မှုများ၊ စားနပ်ရိက္ခာပြတ်တောက်မှုများနှင့် ကြုံတွေ့ရသည့်အချိန် ရှိခဲ့သည့်အတွက် ယခုအခါ ချင်းပြည်နယ် မြောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတည်ဆောက်ရန်နှင့် ချင်း ပြည်နယ်တောင်ပိုင်းတွင် သင်္ဘောဆိပ်ကမ်း တည်ဆောက်ရန် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်နေသည်။
အစိုးရသစ်တက်ပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းများတိုးမြှင့်ဖန်တီးပြီး ဒေသဝမ်းစာဖူလုံရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဦးတည်ရည်မှန်းဆောင်ရွက်လျက်ရှိရာ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာရေး၊ အသေးစား၊ အလတ်စား စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ မြို့ပြဖွံ့ဖြိုးစည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ရန် မူဝါဒများထားရှိဆောင်ရွက်နေသည်။
''ချင်းပြည်နယ်မှာ လမ်းပန်းဆက်သွယ် ရေးအတွက်လည်း လေယာဉ်ကွင်း ၊ သင်္ဘောဆိပ်ကမ်း၊ ဘူတာရုံမရှိတာကြောင့် ကျွန်တော်တို့အနေနဲ့ ချင်းပြည်နယ် ဖလမ်းမြို့မှာ ပြည်တွင်း ပြည်ပနဲ့ ဆက်သွယ်နိုင်တဲ့ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း တည်ဆောက်ပြီး လေယာဉ် အမြန်ဆုံးဆင်းနိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ လာရောက် လေ့လာကြည့်ရှုစစ်ဆေးပြီး လိုအပ်တာတွေ လမ်းညွှန်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ မကြာမီဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်။
မြန်မြန်ဆန်ဆန်တိုးတက်
''နောက် ပလက်ဝမှာလည်း သင်္ဘောဆိပ်ကမ်းကို မင်းတပ်နဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ သင်္ဘောဆိပ်ခံတံတားကြီးဟာ အိန္ဒိယကုမ္ပဏီကနေ တည်ဆောက်ပေးတာဖြစ်ပါတယ်။ အခု ဆောက်လုပ်တာ ပြီးသွားပြီဖြစ်ပါတယ်။ ချင်းပြည်နယ်အနေနဲ့ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းစတဲ့ နိုင်ငံခြားထွက်ပေါက်ရှိတဲ့ အခါ ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန်တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်''ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
၂ဝ၁၅ ခုနှစ် ကိုမန်မုန်တိုင်းကြောင့် ချင်းပြည်နယ်နေရာအနှံ့အပြားတွင် ဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရပြီး သဘာဝဘေးသင့်ပြည်သူများအတွက် နေရာချထားပေးပြီးဖြစ်သည်။ အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန် လာရေးနှင့် မြို့ပြဖွံ့ဖြိုးစည်ပင်သာယာရေး လုပ်ငန်းများ ပိုမိုမြှင့်တင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။
Town Plan ရေးဆွဲဆောင်ရွက်
ချင်းပြည်နယ်ဝန်ကြီးချုပ်က ''ချင်းပြည် နယ်အတွင်းမှာ အစိုးရအနေနဲ့ Town Plan ရေးဆွဲထားတာရှိပါတယ်။ ဟားခါး၊ ဖလမ်း၊ ပလက်ဝဆိုပြီး မြို့သုံးမြို့ကို Town Plan ရေးဆွဲပြီး မြို့သစ်စီမံကိန်း၊ မြို့ပြစီမံကိန်း ဖွံ့ဖြိုး တိုးတက်ဖို့ အရေးတကြီးဆောင်ရွက်လျက်ရှိပါတယ်။ ကျန်တဲ့မြို့တွေကိုလည်း မြို့ပြစီမံ ကိန်းအဖြစ် ဆက်လက်ရေးဆွဲပြီး အကောင် အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။
''ချင်းပြည်နယ်ရဲ့ သဘာဝတောတောင် အလှတွေကို လာပြီးတော့ လေ့လာချင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လာနိုင်အောင် ခေါ်နူးဆုမ် Natural Park နဲ့ ဖလမ်းမြို့နယ်မှာလည်း ဇိန်မှုတောင်ပတ်ဝန်းကျင် ဧက ၁ဝဝဝဝ ကျော် ကြိုးစားဖော်ဆောင်လျက်ရှိ ပါတယ်။ အဲဒါတွေအောင်မြင်ရင် လမ်းပန်းဆက်သွယ်ရေး၊ တစ်ဖက်က နိုင်ငံခြားကနေ လာရောက်ကြမယ့် ကမ္ဘာလှည့်ခရီးသည်တွေ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလည်း ချင်းပြည်နယ်မှာ အကောင်အထည်ဖော်ဖို့ စီမံကိန်းရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါတယ်''ဟု ချင်းပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
အိမ်တွင်းစက်မှုလက်မှု
ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင် ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားရာတွင် ''အိမ်တွင်းမှုစက်မှုလက်မှုလုပ်ငန်းနဲ့ ပတ်သက်ပြီး ဟားခါး၊ ဖလမ်း၊ မင်းတပ်မြို့နယ်တို့မှာ စက်မှုလက်မှုလုပ်ငန်းအနေနဲ့ ရက်ကန်းကျောင်းမှာ စက်ရက်ကန်းနဲ့ အထည်တွေ ထုတ်နေတာရှိပါတယ်။ ပိုးထည်လုပ်ငန်း တွင်တွင်ကျယ်ကျယ်နဲ့ လုပ်မယ်ဆိုရင် ချင်း ရိုးရာဝတ်စုံတွေကို ထုတ်လာမယ်။ ထုတ်လာပြီးတော့ တစ်ဖက်က ပိုးမွေးမြူရေးလုပ်ငန်း လည်း အောင်မြင်လာမယ်။ တစ်ဖက်က အိမ်တွင်းစက်မှုလက်မှု ထွန်းကားလာရင် အလုပ်လက်မဲ့ကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါ တယ်''ဟု ပြောသည်။
ပညာရေး၊ ကျန်းမာရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေပြီး ဟားခါးကောလိပ်ကို ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ပညာရေးကောလိပ်ကိုလည်း ဟားခါးတွင် ဆက်လက်တည်ဆောက် လျက်ရှိကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်အောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ ဖလမ်းမြို့ရှိ စိုက်ပျိုးရေးသိပ္ပံကိုလည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဟားခါးတွင် နည်းပညာတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ မင်းတပ်မြို့နှင့် မတူပီမြို့တို့တွင်လည်း ကောလိပ်များ ဖွင့်လှစ်နိုင်ရန် တင်ပြထားကြောင်း ချင်းပြည် နယ်ဝန်ကြီးချုပ်၏ ပြောကြားချက်အရ သိရ သည်။
ရေပေးဝေရေးလုပ်ငန်းအတွက် ငွေကျပ် သန်း ၅ဝဝဝ
ပြည်နယ်ဝန်ကြီးချုပ်က ''နိုင်ငံတော် အကြီးအကဲတွေ လာတဲ့အချိန်မှာ ကျွန်တော်တို့ ဟားခါးမြို့သစ် ကတ္တရာလမ်းခင်းနိုင်ရေး အတွက် စီမံကိန်းရေးဆွဲပြီး တင်ပြခဲ့ပါတယ်။ ရေ၊ မီး၊ လမ်းအားလုံး မကြာမီမှာ အဆင်ပြေ သွားမှာ ဖြစ်ပါတယ်။ ဖလမ်းမြို့မှာရှိတဲ့ ရေပေးဝေရေးလုပ်ငန်းက ၂ဝ၁၅ ခုနှစ်မှာ မိုးရွာသွန်းလို့ ပျက်စီးသွားတဲ့အတွက် ဖလမ်းမြို့ ရေရရှိအောင် နိုင်ငံတော်ကို တင်ပြတဲ့အခါ နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ သန်း ၅ဝဝဝ ချထားပေးပါတယ်။ အဲဒီသန်း ၅ဝဝဝ နဲ့ ဖလမ်းမြို့ရေပေးဝေရေးလုပ်ငန်းကို တင်ဒါခေါ်ယူပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ဆက်လက်ဆောင်ရွက်နေပါတယ်။ ရေပေးဝေ ရေးလုပ်ငန်းအောင်မြင်ရင် ဖလမ်းမြို့တစ်မြို့လုံး ဒုက္ခရောက်နေတဲ့ ရေရှားပါးမှုပြဿနာဟာ အဆင်ပြေသွားမှာဖြစ်ပါတယ်''ဟု ပြောသည်။
သိသာစွာ လျှော့ချနိုင်ရေး
ချင်းပြည်နယ်၌ အလုပ်အကိုင်နှင့် စီးပွား အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးခြင်းဖြင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ဒေသဝမ်းစာ ဖူလုံပြီး ဆင်းရဲနွမ်းပါးမှုကို သိသာစွာလျှော့ချ နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ဦးတည်ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်သည်။
ပြည်နယ်အစိုးရသည် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးဟူသည့် မူဝါဒများဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ရည်မှန်းချက်များ
ကုန်းမြင့်လယ်ယာများ တိုးတက်ဖော်ထုတ်ရန်နှင့် အော်ဂဲနစ်စိုက်ပျိုးရေး အပါအဝင် ဝင်ငွေရသီးနှံများ တိုးမြှင့်စိုက်ပျိုးထုတ် လုပ်ရန်၊ ဒေသနှင့်ကိုက်ညီသော မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်နယ်အတွင်း၊ ပြည်နယ်အတွင်းနှင့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်နိုင်ရေးဆောင်ရွက်ရန်၊ အိမ်တွင်းတစ်နိုင်တစ်ပိုင်နှင့် အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအားပေးမြှင့်တင်ဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေးဆောင်ရွက်ရန်၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ မြို့ပြဖွံ့ဖြိုးစည်ပင်သာယာ ရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရန်၊ ပညာရေး၊ ကျန်းမာ ရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ ပြည်သူများ အလုပ် လက်မဲ့လျော့နည်းပြီး ဆင်းရဲမှုလျော့ကျလာ စေရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက် ရေး ဆိုင်ရာအထောက်အပံ့များ တိုးတက်ရရှိရေး ဆောင်ရွက်ရန်၊ နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်နိုင်ရေးဆောင်ရွက်ရန်၊ ချင်းပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ရန်ဟူသည့် ရည်မှန်းချက်များထားရှိပြီး ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြည်နယ်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment