Wednesday, March 1, 2017

တရားစီရင်ရေးကျင့်ဝတ်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း တတိယအကြိမ် အဆင့်မြင့်ဆွေးနွေး



Image may contain: one or more people, people sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် ဒိန်းမတ်နိုင်ငံသံရုံး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ (International Commission of Jurists- ICJ) ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme- UNDP)တို့ ပူးပေါင်း၍ ''တရား စီရင်ရေးကျင့်ဝတ် ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ တတိယအကြိမ် အဆင့်မြင့် ဆွေးနွေးပွဲ'' ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Horizon Lake View Resor ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံတွင် မျှတပြီး ဘက်လိုက် မှုကင်းရှင်းသည့် တရားစီရင်ရေးစနစ် အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်နှင့် တရားသူကြီးများ၊ တရားရေးအရာရှိ များအတွက် ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်အဖြစ် စံနှုန်းများသတ်မှတ်ရန် ရည်ရွယ်၍ တရားစီရင်ရေး ဆိုင်ရာကျင့်ဝတ်များနှင့်ပတ်သက်ပြီး ထုံးတမ်းစဉ်လာအရ ရှိနေသည့် တန်ဖိုးထားမှုများကို ပြန်လည်သုံးသပ် ၍ ရေးဆွဲဆောင်ရွက်ခဲ့ရာတွင် ယခုအခါ တတိယမူကြမ်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ တရား စီရင်ရေးဆိုင်ရာ ကျင့်ဝတ်အနေဖြင့် နိုင်ငံတကာစံနှုန်းများ၊ တရားစီရင်ရေး ဆိုင်ရာ ဘန်ဂလောအခြေခံမူများတွင် ပါရှိသည့် အချက်များနှင့်ကိုက်ညီပြီး အကျိုးသက်ရောက်မှု ရှိစေရန်နှင့် တရားသူကြီးများ၊ တရားရေးအရာရှိ များက လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ထို့ပြင် တရားစီရင်ရေး ကဏ္ဍနှင့် ပါဝင်ဆက်စပ်နေသူ အားလုံးက တရားစီရင်ရေးအပေါ် ပိုမိုနားလည်လာပြီး လိုအပ်သည့် ပံ့ပိုးမှုများ ပြုနိုင်ရမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် တရားစီရင်ရေး ဆိုင်ရာကျင့်ဝတ်အပေါ် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက် ကျင့်ဝတ်တွင် ပါဝင်သင့်သည့် အရေးပါသောအချက်များကို ချမှတ် ဆောင်ရွက်နိုင်ရန်နှင့် တရားစီရင်ရေး ကဏ္ဍတစ်ရပ်လုံးအတွက် ပထမဆုံးဖြစ်ပြီး ပြည့်စုံကောင်းမွန်သည့် တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်ထုတ်ပြန်နိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. Peter Lysholt Hansen နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)မှ Country Director Mr. Peter Bachelor တို့ က အမှာစကားပြောကြားကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ တာဝန်ရှိသူများနှင့် ဒိန်းမတ်နိုင်ငံသံရုံးမှ သံအရာရှိများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် များအဖွဲ့(ICJ)နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)တို့မှ ပညာရှင်များ တက်ရောက်ကြပြီး ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment