
မန္တလေး မေ ၂
၂ဝ၁၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလတွင် ကျုံးပတ်လည်၌ မဏ္ဍပ် ၁၄ ခုသာထားရှိမည်ဖြစ်ပြီး မဏ္ဍပ်များအား လေလံစနစ်ဖြင့် ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
''လောလောဆယ် ကျုံးပတ်လည်မှာ မဏ္ဍပ်ပေါင်း ၁၄ ခုပဲရှိမယ်လို့ လျာထားတယ်။ ကျုံးတောင်ဘက်မှာ အရင်ကရှိခဲ့တဲ့ မြို့တော်ဝန်မဏ္ဍပ်ရယ်၊ လပခနန်းမြို့သူ မဏ္ဍပ်ရယ် နှစ်ခုပဲရှိမယ်။ ကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်မှာ မဏ္ဍပ် လေးခုစီပဲ လျာထားတယ်။ မဏ္ဍပ် တွေကိုတော့ လေလံပုံစံနဲ့သွားမယ်''ဟု စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
မဏ္ဍပ်အရေအတွက် နည်းပါးသွားသော်လည်း ကျုံးပတ်ပတ်လည်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ကို စည်ကား သိုက်မြိုက်စွာ ရေကစားနိုင်အောင် ဖော်ဆောင်သွားမည်ဖြစ်ကာ မနော်ရမ္မံကွင်းအနီးတွင် လူငယ်များပျော်ပါးနိုင်မည့် သင်္ကြန်ကိုလည်း ဖော်ဆောင်သွားမည်ဖြစ်သည်။
''၂၆ ဘီလမ်းကို ယာဉ်ဝင်ခွင့်ပိတ်လိုက်ပြီးတော့ အေးအေးဆေးဆေး လမ်းလျှောက်ပြီး ရေကစားလို့ရမယ့် သင်္ကြန်လုပ်မယ်။ မန္တလေးမြို့တော်သင်္ကြန်မဏ္ဍပ်မှာလည်း အရင်ကလို စတိတ်ရှိုး၊ အဆိုတော်တွေမပါတော့ဘဲ မြန်မာမှုတွေလုပ်မယ်။ စိန်ဒူးဝါးဦးဆောင်တဲ့ မြန်မာ့ဆိုင်း ပညာရှင်တွေနဲ့အတူ လူရွှင်တော်တွေလည်းပါမယ်။ မြန်မာဆန်တဲ့ သီချင်းမျိုးတွေ ဖျော်ဖြေတာမျိုးပါမယ်။
စည်ပင်တီးဝိုင်းအဖွဲ့လည်းပါမှာ။ အဲဒီလိုလေး စီစဉ်ထားတယ်။ ကျုံးရဲ့အရှေ့၊ အနောက်၊ မြောက်ဘက်တွေကို ရေကစား မဏ္ဍပ်ခွင့်ပြုမယ်။ ဒါပေမယ့် အရင်လို အနားယူခန်းတွေ ပါတာမျိုးကိုတော့ စိစစ်တင်းကျပ်သွားမယ်။ လူငယ်တွေအတွက် ပျော်ပါးနိုင်ဖို့အတွက် မနော်ရမ္မံကွင်းဘက်မှာ စီစဉ်ပေးထားမယ်။ မြို့ထဲမှာ သင့်တော်တဲ့နေရာတွေမှာလည်း လူငယ်တွေ ရေကစားလို့ရအောင် စီစဉ်ပေးမှာပါ''ဟု စည်ပင်ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။
၂ဝ၁၇ ခုနှစ် သင်္ကြန်အား ယခင်ကဲ့သို့သော ရိုးရာ သင်္ကြန်မျိုးကို ဖော်ဆောင်သွားမည်ဖြစ်ကာ ရေမဖြုန်းသည့် သင်္ကြန်မျိုးကို ဖြစ်လာမည်ဟုဆိုသည်။ ထိုသို့ ဖြစ်လာ ရန်အတွက် မြို့တော်သူ မြို့တော်သားများ ပါဝင်ရန် တိုက်တွန်းနှိုးဆော်လျက်ရှိပြီး မြို့ထဲတွင် ယခင်ကာလများ ကရှိခဲ့သော သင်္ကြန်မဏ္ဍပ်များအား ပြန်လည်ဖော်ဆောင် ကြစေလိုကြောင်း သိရသည်။
(ဝဝ၂)
No comments:
Post a Comment