
နေပြည်တော် မတ် ၂
ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ် တစ်စီးသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ် အုန်းတည်ချောင်းကျေးရွာအနီးမိုင်တိုင် အမှတ်(၂၅) ၌ မီးလောင်မှုဖြစ်ပွားပြီး ခရီးသည်တစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာ လာသည့် အောင်ပြည့်စုံခရီးသည်တင်ယာဉ်သည် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအုပ်စု အုန်းတည်ချောင်း ကျေးရွာအနီး အမ်း-စစ်တွေကားလမ်း မိုင်တိုင်အမှတ် (၂၅) သို့ နံနက် ၆ နာရီ မိနစ် ၂ဝ ခန့်တွင် ရောက်ရှိစဉ် ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် အမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်တစ်စီးနှင့် ကဇူးကိုင်းကျေးရွာမှ ရွာသူရွာသားများက ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် ယာဉ်ပေါ်ပါခရီးသည် အမျိုး သား ၁၃ ဦး၊ အမျိုးသမီး ငါးဦး ပေါင်း ၁၈ ဦးအနက် အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး ပေါင်း လေးဦးမှာ မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြပြီး ပုဏ္ဏားကျွန်းမြို့နယ် ဒါးပိတ်ကျေးရွာနေ မအေးအေးသန်း (၂ဝ)နှစ်မှာ ယာဉ်ပေါ်တွင် ပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း၊ ယာဉ်မောင်း ကောင်းဆက်နိုင်မှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသဖြင့် အမ်းမြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment