မြန်မာ့အလင်းအယ်ဒီတာအာဘော်
စက်မှုကုန်ထုတ်လုပ်ငန်းများ ကျယ်ပြန့်လာခြင်းသည် တိုင်းပြည်၏
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းတစ်ရပ်ဖြစ် ပါသည်။
သို့သော် စက်မှုကုန်ထုတ်လုပ်ငန်းတို့၏ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ
ကိုင်တွယ်ဆောင်ရွက်မှသာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ပြည်သူတို့၏
ကျန်းမာရေးထိခိုက်မှုတို့ကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ ဤကဲ့သို့
ရှောင်ရှားနိုင်မှသာ စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု၏
အသီးအပွင့်တို့ကို ပြည်သူလူထုက အမှန်တကယ်ခံစားနိုင် မည်ဖြစ်ပါသည်။
စွန့်ပစ်ပစ္စည်းများအနက် ရေဆိုးစွန့်ပစ်မူသည်လည်း အရေးကြီး သောကိစ္စတစ်ရပ်ဖြစ်ပါသည်။ အထူးသဖြင့် အရက်ချက်စက်ရုံတို့မှ စွန့်ပစ် သော ရေဆိုးတို့သည် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူတို့၏ ကျန်းမာရေး ကို ထိခိုက်စေပါသည်။ Biological Oxygen Demand (BOD)သည် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရလေ့ရှိသော ရေထုညစ်ညမ်းစေသည့် အော်ဂဲနစ်ပစ္စည်းဖြစ်ပါသည်။ သို့ဖြစ်၍ ဤအော်ဂဲနစ်ပစ္စည်း နည်းပါးခြင်း သည် ရေထု၏အရည်အသွေးကောင်းမွန်ခြင်းကို ဖော်ပြ၍ ဤအော်ဂဲနစ် ပစ္စည်းများပြားခြင်းသည် ရေထု၏အရည်အသွေး နိမ့်ကျခြင်းကို ဖော်ပြ ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ ညွှန်ကြားချက်အရ ရေထုညစ်ညမ်းစေသည့် အော်ဂဲနစ်ပစ္စည်း (BOD) ပါဝင်မှုသည် ၆ဝဝဝ အောက်ရှိရမည်ဖြစ်ပါသည်။ သို့သော် တချို့သော စက်ရုံတို့မှ စွန့်ပစ်သော ရေဆိုးတို့တွင် ရေထုညစ်ညမ်းစေသည့် အော်ဂဲနစ်ပစ္စည်း (BOD) ပါဝင် မှုသည် ၂၅ဝဝဝ ခန့်အထိ များပြားနေသည်ဟု သိရှိရပါသည်။
အဆိုပါ ရေဆိုးတို့၏ ဆိုးကျိုးသက်ရောက်မှုသည် အချိန်ကာလ တစ်ခုရောက်မှ သိသာခြင်းမျိုးရှိသကဲ့သို့ ချက်ချင်းလက်ငင်း သိသာခြင်း မျိုးလည်းရှိပါသည်။ ရေဆိုးတို့ကြောင့် မြစ်ရေ ချောင်းရေတို့ကို သုံးရေ သောက်ရေအဖြစ် အသုံးမပြုနိုင်ခြင်းသည် ချက်ချင်းလက်ငင်း သိသာ သောဆိုးကျိုးများ ဖြစ်ပါသည်။ သို့ဖြစ်၍ စက်ရုံတို့သည် စွန့်ပစ်မည့် ရေဆိုးတို့ကို သန့်စင်သည့်စနစ် (Water Treatment Plant) တို့ကို မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်ပါသည်။ မန္တလေးစက်မှုဇုန်ရှိ စက်ရုံတို့မှ ထွက်ရှိသော ရေဆိုးတို့ကို ဒုဋ္ဌဝတီမြစ်အတွင်းသို့ တိုက်ရိုက်စွန့်ထုတ်လျက် ရှိခြင်းသည် အရေးတကြီးကိုင်တွယ်ရမည့် ကိစ္စရပ်ဖြစ်ပါသည်။
သို့ဖြစ်၍ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် စက်ရုံ များ၌ ရေဆိုးသန့်စင်စနစ် အပြည့်အဝတပ်ဆင်ရေးကို ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စက်မှုကုန်ထုတ်လုပ်ငန်းများအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်နိုင်စွမ်းရှိစေရေးအတွက် နည်းပညာနှင့်ဘဏ္ဍာရေး အရ ကူညီပံ့ပိုးနိုင်မည့် နည်းလမ်းများကိုလည်း သုံးသပ်ဆောင်ရွက် သင့်ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူလူထု၏ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးသည် အရေးကြီးသော အမျိုးသား ရေးတာဝန်တစ်ရပ်ဖြစ်၍ စက်မှုကုန်ထုတ်လုပ်ငန်းတို့တွင် ရေဆိုး သန့်စင်စနစ် အပြည့်အဝတပ်ဆင်နိုင်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

No comments:
Post a Comment