Friday, March 31, 2017

ပြည်ထောင်စုနယ်မြေတွင် တောင်သူနစ်နာမှုထောက်ပံ့ကြေးငွေနှင့် သီးနှံလျော်ကြေးငွေများ ပေးအပ်


Image may contain: 4 people
နေပြည်တော် မတ် ၃ဝ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာအနီး ရတနာမဉ္ဇူလမ်းနှင့် နေပြည်တော် မြို့ပတ်လမ်းအကြားရှိ ယခင် သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေများနှင့် စိုက်ပျိုးသီးနှံများအတွက် နစ်နာမှု ထောက်ပံ့ကြေးငွေနှင့် သီးနှံလျော်ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ဒက္ခိဏသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင် တက်ရောက်၍ ထောက်ပံ့ကြေးငွေနှင့် လျော်ကြေးငွေများ ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များဖြစ်ကြသော ဦးအေးမြင့်၊ ဦးမင်းသူ၊ ဦးမျိုးတင့်၊ ဒေါ်စံပယ်ထွေးနှင့် ဦးမင်းသိမ်း၊ ဒက္ခိဏ ခရိုင်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လျော်ကြေးရရှိသည့် သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေသိမ်းဆည်းခံတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက သစ်တောကြိုးဝိုင်း တွင်း လယ်ယာမြေသိမ်းဆည်းခံတောင်သူများအား နစ်နာမှုထောက်ပံ့ကြေးငွေ နှင့် သီးနှံလျော်ကြေးငွေများအား ပေးအပ်ကြသည်။
ယနေ့ အခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ် နေပြည်တော်မြို့ပတ်လမ်း၊ ရတနာမဉ္ဇူလမ်း ကရုဏာကမ္ဘာဘိုးဘွားရိပ်သာနှင့် ဒက္ခိဏသီရိမြို့နယ် ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် နေရာအကြားရှိ တောင်သူ ၂၂၈ ဦးတို့၏ သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေ ၄၄၄ ဒသမ ၈၂၅ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၁ဝ သိန်းနှုန်းဖြင့် နစ်နာမှုထောက်ပံ့ကြေး ငွေနှင့် သီးနှံလျော်ကြေးငွေကျပ် ၄၇၃ ဒသမ ၁၁၄ သန်းအား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းနှင့် ယမန်နေ့ကလည်း ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များ တွင်လည်း တောင်သူ ၁၅၃ ဦးတို့၏ သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေ ၄၅၄ ဒသမ ၂၄ ဧကအတွက် နစ်နာမှုထောက်ပံ့ကြေးငွေနှင့် သီးနှံလျော်ကြေးငွေ ကျပ် ၄၆၈ ဒသမ ၈၃၅ သန်းအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝင် ဦးမင်းသူနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်းနှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်ဒက္ခိဏခရိုင် ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ သစ်တောကြိုးဝိုင်းတွင်း လယ်ယာမြေ စုစုပေါင်း ၈၉၉ ဒသမ ဝ၆၅ ဧကပေါ်တွင် လုပ်ကိုင်လျက်ရှိသော တောင်သူ ၃၈၁ ဦးတို့အား နစ်နာမှု ထောက်ပံ့ကြေးငွေနှင့် သီးနှံလျော်ကြေးငွေကျပ် စုစုပေါင်း ၉၄၁ ဒသမ ၉၄၉ သန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(၁ဝ၇)

No comments:

Post a Comment