Friday, March 31, 2017

သန့်ရှင်းသော ပြည်သူ့အစိုးရ



Image may contain: text
နှစ်ငါးဆယ်ကျော်ကြာပြီးနောက် ပထမဆုံးသော အရပ်သားစစ်စစ်အစိုးရ တစ်ရပ်ပေါ်ပေါက်လာခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။ ၂ဝ၁၅ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထုကြီးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အင်တိုက်အားတိုက် ပုံအောမဲပေးလိုက်ခြင်းဖြင့် နှစ်ငါးဆယ်ကျော်ကြာ ပျောက်ဆုံးနေခဲ့သည့် ပထမဆုံးသော အရပ်သားစစ်စစ် ပြည်သူ့ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းသည့် လွှတ်တော်များ ပေါ်ပေါက်လာခဲ့သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အစရှိသည့် လွှတ်တော်အသီးသီးသို့ အရပ်သားပြည်သူ့ကိုယ်စားလှယ်များ ရာခိုင်နှုန်းအများစု ရောက်ရှိလာခဲ့ပါသည်။
ယင်းပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏ ရွေးချယ်ဖွဲ့စည်းပေးမှု ဖြင့် ဒီမိုကရေစီအင်အားစုများဦးဆောင်သည့် အစိုးရသစ်တစ်ရပ် ၂ဝ၁၆ခုနှစ် မတ် ၃ဝ ရက်တွင် စတင်ပေါ်ပေါက်လာခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်စဉ်က ရွေးကောက်ပွဲ ကြွေးကြော်သံက 'ပြောင်းလဲချိန်တန်ပြီ' ဖြစ်ပါသည်။အပြောင်းအလဲကို ငံ့လင့်ကာ အဖွဲ့ချုပ်ကို ယုံကြည်အားကိုးစိတ်ဖြင့် ပြည်သူတို့က တောင်ပြိုကမ်းပြို မဲပေးခဲ့ကြ၏။
၂ဝ၁၇ ခုနှစ်အတွက် ''ပြည်သူနှင့်အတူ'' ဆိုသည့် ဆောင်ပုဒ်အသစ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖော်ထုတ်လိုက်သည်။
ပြည်သူလူထုက အပြောင်းအလဲကို အလွန်အမင်း တောင့်တနေကြချိန် ဖြစ်သည့်အတွက် အစိုးရသစ် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အပြောင်းအလဲကို တစ်ခါတည်း မျှော်ခဲ့ကြသည့်အားလျော်စွာ အစိုးရသစ်ကို အားမလိုအားမရ ဖြစ်ကြသည်များ၊ အစိုးရသစ်၏ စီမံကိန်းအကောင်အထည်ဖော်မှုများကို နှေးကွေးလေးလံသည်ဟု ပြစ်တင်သည်များကိုလည်း တွေ့မြင်ကြားသိရပါသည်။
ဤနေရာတွင် အစိုးရသစ်ပေါ်ပေါက်ပြီးနောက် အထင်ရှားဆုံး အပြောင်း အလဲအဖြစ် တွေ့မြင်ရသည့် အချက်တစ်ခုမှာ ထိပ်ဆုံးပိုင်း ခေါင်းဆောင်များ လာဘ်ယူမှု ကင်းရှင်းခြင်း ဖြစ်သည်ဟု မြင်ပါသည်။ ဤသည်က အလွန်ထင်ရှား ကြီးကျယ်သည့် အပြောင်းအလဲတစ်ခုလည်း ဖြစ်ပါသည်။
တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာကို မိမိဥစ္စာအမှတ်ဖြင့် အလွဲသုံးခဲ့ကြ၊ အလွဲစီမံခဲ့ကြ၊ အပျောက်ရိုက်ခဲ့ကြသည်ကို ခေတ်အဆက်ဆက် ခံစားခဲ့ကြရသည့် ပြည်သူတို့မှာ အစိုးရသစ်ခေါင်းဆောင်များ လာဘ်ပေးလာဘ်ယူ ကင်းရှင်းပြီး ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်၊ အပျောက်မရိုက်ဘူး ဆိုသည်နှင့်ပင် အတော်စိတ်သက်သာရာ ရခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယခင်ဘဏ္ဍာငွေ သုံးစွဲပုံတို့ကို ပြန်လည်စိစစ်ပြီး စနစ်တကျပြန်လည် ကိုင်တွယ်သည့်အခါမှာ ဘီလီယံနှင့်ချီသည့် ပြည်သူ့ဘဏ္ဍာများကို ထိန်းသိမ်းနိုင်ခဲ့ခြင်း၊ ကျိုက်ထီးရိုးစေတီတော်မြတ် အလှူငွေ ကောက်ခံရရှိမှုမှာ ယခင်ကထက် မြောက်မြားလှစွာသော သန်းဂဏန်းရှိ ငွေကြေးများကို စနစ်တကျ ထိန်းသိမ်းနိုင်ခဲ့ခြင်း၊ မထသနှင့်ဝိုင်ဘီအက်စ် ဘတ်စ် ကားလိုင်းစနစ် အပြောင်းအလဲအပြီးမှာ ယခင်မထသက နိုင်ငံတော်ကိုပေး သွင်းနိုင်ခဲ့သည့် ငွေကြေးထက် အဆများစွာကွာခြားသည့် သန်းဂဏန်းကျော် ပေးသွင်းငွေတို့ကို နိုင်ငံတော်အား ပြန်လည်ပေးအပ်နိုင်ခဲ့ခြင်းတို့သည် အချို့သောသိသာသည့် ဥပမာများ ဖြစ်ခဲ့ပါသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဒဲရစ်မစ်ချယ်က မြန်မာ့ရေးရာ အရှုပ်အထွေးသည် ကမ္ဘာပေါ်က အရှုပ်အထွေးဆုံးများထဲတွင် ပါဝင်သည်ဟုဆိုဖူးသည့်အတိုင်း ပြည်သူ့အစိုးရအနေဖြင့် အရှုပ်အထွေးများစွာကို ရှင်းလင်းနေရသည်ကြောင့် တစ်ဟုန်ထိုး တိုးတက်မှုကို လတ်တလောအားဖြင့် အကြီးအကျယ်မမြင်ရသည့်တိုင် ဖြူစင်သော အစိုးရခေါင်းဆောင်များ၊ အဂတိကင်းသော အစိုးရခေါင်းဆောင်များ၊ လာဘ်သပ်ပကာ ရှင်းသော အစိုးရခေါင်းဆောင်များအဖြစ် ပြည်သူတို့၏ လေးစားမှုကို ရခဲ့ကြပါသည်။
နိုင်ငံရေးအာဏာရယူထားသူများသည် တိုင်းပြည်၏ ဘဏ္ဍာငွေ အထွေထွေသော သယံဇာတနှင့် စီမံကိန်းများကို စီမံခြယ်လှယ်ရသူများဖြစ်သည့်အတွက် ငွေကြေးအလွဲသုံးစားမှု၊ မတရားရယူလိုမှုများက လုံးဝကင်းရှင်း ဖြူစင်ရေးမှာ အရေးအကြီးဆုံးများထဲမှ တစ်ခုဖြစ်သည်ဟု ယူဆပါသည်။
ပြည်သူတို့ အမြဲတမ်းဖြစ်စေချင်ခဲ့သော သန့်ရှင်းသည့်အစိုးရကို ယခုအခါ မြင်တွေ့နေရသည်ဟု ယုံကြည်ပါ၏။ ယင်းနှင့်အတူ အထူးအောင်မြင် ကောင်းမွန်သော အုပ်ချုပ်မှုစွမ်းရည်များကိုလည်း တွေ့မြင်ရလိမ့်မည်ဟု မျှော်လင့်နေကြပါသည်။
တိုင်းပြည် ဘဏ္ဍာငွေများကို ရိုးသားဖြူစင်စွာနှင့် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြသလို တိုင်းပြည်ရေရှည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အမြော်အမြင်ကြီးကြီး၊ စွမ်းဆောင်ရည်မြင့်မြင့်၊ အရည်အချင်း ပြည့်ပြည့်တို့ဖြင့် ဆောင်ရွက်နိုင်ကြမည်ဟု ပြည်သူလူထုကြီးက မျှော်လင့်နေကြပါသည်။
ပြည်သူ့အစိုးရခေါင်းဆောင်တို့ စွမ်းဆောင်ရည်များ တိုးတက်မြင့်မား အောင်အားထုတ်နိုင်ကြပြီး ရိုးဖြောင့်ဖြူစင်သူများအဖြစ် ဆက်လက်ကျင့်ကြံ နိုင်ကြပါစေသတည်း။ ။

No comments:

Post a Comment