Friday, March 31, 2017

အကျပ်အတည်း၊ ပဋိပက္ခအခြေအနေများတွင် မီဒီယာနှင့် ဆက်ဆံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


Image may contain: 2 people, people sitting, table and indoor
နေပြည်တော် မတ် ၃ဝ
အကျပ်အတည်း၊ ပဋိပက္ခအခြေအနေများတွင် မီဒီယာနှင့် ဆက်ဆံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရခိုင် ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အင်အား အလွန်အကျွံသုံးခြင်းမရှိဘဲ အကြမ်းဖက်သူများကို ဥပဒေနှင့်အညီ တုံ့ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုသည်မှာ မိမိတို့ အစိုးရအဖွဲ့၏ မူဝါဒမဟုတ်သည့်အတွက် လူ့အခွင့် အရေးချိုးဖောက်မှုကို လုပ်ဆောင်ခဲ့ခြင်းမရှိပါ ကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု ဟူသော စွပ်စွဲချက်နှင့်စပ်လျဉ်း၍ အထောက် အထားခိုင်လုံပါက အရေးယူဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် အစိုးရအဖွဲ့ အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်သွားမည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ အချိန်အခါတွင် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပသည့်အတွက် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများ ကို ရင်ဆိုင်ဖြေရှင်းရာ၌ များစွာအထောက်အကူ ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
Asia - Pacific Center for Security Studies မှ ဒါရိုက်တာ ဗိုလ်ချုပ် ဂျိမ်းစ် ဟက်ဆဲလ် က မြန်မာနိုင်ငံ၏ သမိုင်းဝင် တည်ငြိမ်အေးချမ်းစွာ နိုင်ငံရေးအသွင်ကူးပြောင်း ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်မှုကို အသိအမှတ်ပြုပါကြောင်း၊ အလားတူ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပနိုင်ခဲ့သည်ကိုလည်း ဂုဏ်ပြုပါကြောင်း။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ကျင်းပနိုင်ခဲ့သော်လည်း နိုင်ငံအတွင်း ရင်ဆိုင်နေရသည့် ရှုပ်ထွေးသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် အစိုးရနှင့်ပြည်သူများ အနေဖြင့် လုပ်ဆောင်ရန် များစွာကျန်ရှိနေပါ ကြောင်း၊ ထို့ပြင် လူမှုမီဒီယာများသည် အမုန်းစကား နှင့် သတင်းအမှားများကို ဖြန့်ချိရာတွင် အဓိက နေရာဖြစ်လာပြီး ၎င်းပြဿနာကိုလည်း ရင်ဆိုင်ဖြေရှင်း နေရသည်ကို တွေ့ရှိရပါကြောင်း၊ အကြီးမားဆုံး သော စိန်ခေါ်မှုများအနက် လူမျိုးပေါင်း ၁၃ဝ ကျော် နှင့် ရင်ဆိုင်ဖြေရှင်းနေရသည့် အချက်များလည်း ပါဝင်လျက်ရှိပါကြောင်း၊ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မရေးထိုး ခြင်းသည် အများစု၏ သဘောတူညီချက်ဖြစ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းများကို ဆန့်ကျင်နေကြပါကြောင်း။
ရခိုင်ပြည်နယ်၏ လူမျိုးရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံအတွင်း လုံခြုံမှုနှင့် တည်ငြိမ်မှုဆိုင်ရာ စိန်ခေါ်မှုအခြေအနေများသည် ပြည်ပရင်းနှီး မြှုပ်နှံသူများအကြားတွင် ပျံ့နှံ့လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်ပရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့လာရောက် ရန် တုံ့ဆိုင်းနေပါကြောင်း၊ အခြားသော နိုင်ငံများ နည်းတူ မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ပြဿနာ တစ်ခုမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အကောင်အထည်ဖော်နေစဉ် ရှုပ်ထွေးမှုများ ရှိနေသေးသည်ကို တွေ့မြင်ရပါကြောင်း ပြောကြား သည်။
ထို့နောက်Asia - Pacific Center for Security Studies မှ တာဝန်ရှိသူများက အကျပ် အတည်းနှင့် ပဋိပက္ခများတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ပြည်သူများထံသို့ သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေးတို့ကို ဆွေးနွေး ပြောကြားကြရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီအခြေစိုက် Daniel K. Inouye Asia - Pacific Center for Security Studies က ဦးဆောင်ကျင်းပခဲ့ပြီး ဌာနဆိုင်ရာ သတင်းနှင့် ပြန်ကြားရေးကဏ္ဍများတွင် ပါဝင် ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများ တက်ရောက် နေကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို မတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီးတို့လည်း တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သာစိန်၊ မီမီဖြိုး (သတင်းစဉ်)

No comments:

Post a Comment