နိုင်ငံတော်အစိုးရသစ် နိုင်ငံ့တာဝန်ယူခဲ့သည်မှာ အချိန်ကာလအားဖြင့် တစ်နှစ်တာကာလနီးပါးသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အချိန်ကာလ တစ်နှစ်တာဆိုသည်မှာ တိုတောင်းလွန်းသော်လည်း တိုတောင်းသည့် ကာလအတွင်းမှာပင် အစိုးရသစ်၏ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးရှိ လုပ်ငန်းဌာနများ၏ ပြုပြင်ပြောင်းလဲ တိုးတက်ဆောင်ရွက်နိုင်မှုများအပေါ် သုံးသပ်ရှုမြင်ကြည့်ရန်လိုအပ်ပေသည်။
ပြည်ထောင်စုဝန်ကြီးဌာနများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း အစိုးရသစ် တစ်နှစ်တာကာလအတွင်း ပြောင်းလဲတိုးတက်ဆောင်ရွက်ခဲ့ပါသည်။ ဤဝန်ကြီးဌာနတွင် ဝန်ကြီးရုံးနှင့် လုပ်ငန်းဌာန လေးခုရှိပြီး အဆိုပါ လုပ်ငန်းဌာနများတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှာ ပြည်သူများအတွက် အထူးအရေးပါသော လုပ်ငန်းတစ်ခုဟု ဆိုရမည်ဖြစ်သည်။
ဤလုပ်ငန်းသည် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဟူ သော ရည်ရွယ်ချက်များဖြင့် ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၇ဝ ကျော်ခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း ပြည်သူ များအတွက် အကျိုးဖြစ်ထွန်းစေမည့် အသိအမြင်များ များစွာပေးဝေနိုင်ခဲ့ပြီ ဖြစ်သည်။ ခေတ်ကာလအမျိုးမျိုးကိုဖြတ်သန်းခဲ့သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နိုင်ငံတော်နှင့်ပြည်သူ ပေါင်းကူးဆက်သွယ်ရာ တံတားတစ်စင်းဟု ဆိုနိုင်ပါသည်။
ခေတ်အဆက်ဆက် ခေတ်နှင့်လျော်ညီစွာ ဖြတ်သန်းတင်ဆက်ပေးခဲ့ပြီး ဒီမိုကရေစီခရီးလမ်းသို့ လျှောက်လှမ်းနေသောအချိန်အခါတွင် ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေသည့် ပြုပြင်ပြောင်းလဲထုတ်လွှင့် တင်ဆက်မှုများ ပြုလုပ်လျက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ အစိုးရသစ်၏တစ်နှစ်တာကာလအတွင်း နိုင်ငံတော်၏မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကို များစွာဆောင်ရွက်ခဲ့ပေသည်။
ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေများ ပြင်ဆင် ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ပုဂ္ဂလိကရုပ်သံလိုင်းများ အသစ်ပေါ်ထွက်ရေးအတွက် ပွင့်လင်းမြင်သာစွာ စီစဉ်ဆောင်ရွက်နေခြင်း၊ ပြည်သူများ၏ စိတ်ဝင်စားမှုကို ဆန်းစစ်ကြည့်ပြီး ပြည်သူများလိုလားချက်အတိုင်း ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုနယ်ပယ်များတွင် သက်ဆိုင်ရာစကားဝိုင်းများ၊ ဆွေးနွေးမှုများပြုလုပ်ကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သဘောထားမတူညီသူများ အတူ တကွဆွေးနွေးညှိနှိုင်းနိုင်သည့် ယဉ်ကျေးမှုတစ်ရပ်ကို ပြောင်းလဲဖော်ဆောင် နိုင်ခဲ့သည်။
အရေးကြီးသောသတင်းများ၊ ပြည်သူများအချိန်မီ သိသင့်သိထိုက်သည့်သတင်းများကို အချိန်နှင့်တစ်ပြေးညီထုတ်လွှင့်ပေးလျက်ရှိပြီး နိုင်ငံ၏အခြေအနေအပေါ် ပညာရှင်များ၏သုံးသပ်ဆွေးနွေးမှုများနှင့် ပြည်သူများ၏လူမှုဘဝအခြေအနေမှန်များကို ထင်ဟပ်ဖော်ပြနိုင်သည်မှာ ပြောင်းလဲမှုတစ်ရပ်ပင်ဖြစ်သည်။ ပြည်သူများအတွက် အလေးထားမှတ်သား ဖွယ်မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ အသိပညာပေးထုတ်လွှင့်ချက်များ ပင်ဖြစ်သည်။
အထူးအားဖြင့် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပြည်သူများ စိတ်လက်အပန်းဖြေ အနားယူနိုင်စေ ရန်တင်ဆက်သည့် အသိပညာဗဟုသုတနှင့် ဖျော်ဖြေရေးအစီအစဉ်များသည် ပြည်သူများအား လွှမ်းခြုံမိသည်မှာ အမှန်ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသားဘာသာ ၁၁ ဘာသာဖြင့် နေ့စဉ်တင်ဆက်ပေးသော အစီအစဉ်များသည် တိုင်းရင်းသားချစ်ကြည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု စေသည်။
နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အစဉ်ရှေးရှုသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများသည် အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း ပြည်သူများအား ပိုမိုပေးစွမ်းနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ အစိုးရနှင့်ပြည်သူအကြားတွင် ကြားခံပေါင်းကူးတံတားအဖြစ် ဘက်ညီမျှတစွာဖော်ဆောင်နေသော ပြည်သူ့အတွက်မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြားသည် ပြည်သူ့အတွက် ပြန်ကြားပေးရေး၊ ပညာပေးရေး၊ ဖျော်ဖြေပေးရေးအစီအစဉ်များကို ဆက်လက်တိုးမြှင့်ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
No comments:
Post a Comment