နေပြည်တော် မတ် ၆
''ကိုယ့်မှာ အခွင့်အရေးရှိလာတာနဲ့အမျှ တာဝန်ယူရတာကိုလည်း ဂုဏ်ယူရမယ်။ တာဝန်ဆိုတာဟာ မလုပ်မဖြစ်လုပ်ရမယ့် ဝန်ထုပ်ဝန်ပိုးကြီးလို့ မစဉ်းစားဘဲနဲ့ တာဝန်ယူပိုင်ခွင့်ရတာကိုက အခွင့်အရေးပဲ။ နိုင်ငံသားတစ်ယောက်ရဲ့ ရသင့်တဲ့ အခွင့်အရေးတစ်ခုပဲ။ ဒါကြောင့် ကျွန်မတို့ တာဝန်ယူမယ်၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ကျွန်မတို့အမျိုးသမီးများ၊ ကျွန်မတို့နိုင်ငံတိုးတက်ရေးအတွက်၊ ကမ္ဘာကြီးတိုးတက်ရေးအတွက် ဦးတည်ပြီးတော့ လုပ်သွားစေချင်ပါတယ်''ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
''ပြည်သူအားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု'' ဆောင်ပုဒ်ဖြင့် ယနေနံနက်ပိုင်းက နေပြည်တော်ရှိ Kempinski Hotel ၌ကျင်းပသည့် မြန်မာအမျိုးသမီးများ ရက်သတ္တပတ်၏ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာ စကားပြောကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွမ်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးသိန်းဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါ ဝင်စားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ အမျိုးသမီးများ၏ ကဏ္ဍဆိုသည်မှာ မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးအတွက် အရေးကြီးပါကြောင်း။
ရင်ပေါင်တန်းလုပ်
မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ကမ္ဘာကြီး၏ ယဉ်ကျေးမှုအရ အမျိုးသားများသည် အမျိုးသမီးများထက် သမိုင်းအစဉ်အလာအရ ပိုပြီး အခွင့်အလမ်းများခဲ့ပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၏ အမျိုးသမီးများအနေဖြင့် တတ်နိုင်သည့်ဘက်မှ အမျိုးသားများနှင့် တန်းတူ ရင်ပေါင်တန်းပြီး လုပ်စရာများရှိပါကြောင်း၊ မြန်မာ့သမိုင်း၌ စီးပွားရေးဘက်တွင် မြန်မာအမျိုးသမီးများပါဝင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ယနေ့ကျင်းပသည့် အမျိုးသမီးများ ရက်သတ္တပတ်ကို အမျိုးသမီးလုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုတွင် နှစ်ဆန်းမှစ၍ သတ်မှတ်ခဲ့သည့် လစဉ် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် စကားဝိုင်း Peace Talk များ၌ ပြည်သူများကြားမှ ကဏ္ဍအသီးသီးနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များနှင့် ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး ဆွေးနွေးစကားပြောရန် မူချမှတ်ထားရာ ယခုကျင်းပမည့် Business Talk စီးပွားရေးနှင့်ဆိုင်သည့် စကားဝိုင်းအဖြစ် စီးပွားရေးဘက်မှ ငြိမ်းချမ်းရေးကို မည်သို့ ပံ့ပိုးပေးနိုင်မည်ဆိုသည့်အမြင်ဖြင့် ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
လူသားအားလုံးအကျိုးဦးတည်
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုလုပ် စီးပွားရေးဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်မလဲ။ စီးပွားရေးကို ကျွန်မတို့ အားပေးတယ်ဆိုတာဟာ လူသားများရဲ့ အကျိုးစီးပွားကို အားပေးတာပါ။ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုအတွက် အကျိုးစီးပွားကို အားပေးတာမဟုတ် ပါဘူး။ လူသားများအားလုံးရဲ့ အကျိုးစီးပွားကို ဦးတည် ပြီးတော့ စီးပွားရေးကို ကျွန်မတို့က အားပေးတာဖြစ်ပါ တယ်''ဟု ပြောကြားသည်။

ထို့ပြင် လူသားများတွင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းရှိရာ ရုပ်ပိုင်းကို မည်သို့မျှ လျစ်လျူရှုထား၍ မရကြောင်း၊ စီးပွား ရေးဆိုသည်မှာ ရုပ်ပိုင်းပံ့ပိုးမှုအတွက် အရေးကြီးသကဲ့သို့ စိတ်ပိုင်းပံ့ပိုးမှုအတွက်လည်း လွန်စွာထိရောက်နိုင်သည်ကို သဘောပေါက်ရန်လိုပါကြောင်း၊ ယခု မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ကြိုးစားရာတွင် မြန်မာနိုင်ငံ၌ အမျိုးသမီးများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ တန်းတူညီတူရှိသည်ဟု ပြောနိုင်ရန်အတွက် စဉ်းစားရမည် ဖြစ်ပါကြောင်း။
စက္ကူပေါ်တွင်သာရှိ
ဥပဒေများနှင့် ကြည့်မည်ဆိုပါက အချို့နိုင်ငံများသည် မိမိတို့နိုင်ငံထက်သာလွန်နေသည်ဆိုခြင်းမှာ ငြင်း၍မရပါ ကြောင်း၊ သို့သော်လည်း ဥပဒေများကိုသာ ကြည့်၍မရပါ ကြောင်း၊ ဥပဒေ၏ အကျိုးသက်ရောက်မှုများကိုလည်း ကြည့်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများ၏ အခွင့်အရေးများကို စဉ်းစားမည်ဆိုလျှင် တရားဥပဒေ စိုးမိုးရေးကိုလည်း အဓိကထားပြီး စဉ်းစားရန် အရေးကြီး ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးမရှိဘဲနှင့် အမျိုးသမီးများ တန်းတူညီတူ အခွင့်အရေးရရန် ဥပဒေများနှင့် ပြဋ္ဌာန်းထား သော်လည်း ယင်းဥပဒေများသည် စက္ကူပေါ်တွင်သာ ရှိနေပါက လူ့အသိုင်းအဝိုင်းတွင် အကျိုးသက်ရောက်မှု မရှိနိုင်ပါကြောင်း။

ယခုအခါ ကုလသမဂ္ဂအဖွဲ့အစည်းကြီးနှင့် ပတ်သက်၍ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများစွာ ပါဝင်လှုပ်ရှား နေသည်ကို တွေ့ရှိရပါကြောင်း၊ ယခင်နှစ်က မိမိအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအစည်းအဝေးကြီးသို့ တက်ရောက်ခဲ့ရာတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှုအသိုင်း အဝိုင်းနှင့်ဆိုင်သည့် အဖွဲ့အစည်းများစွာ တက်ရောက်ကြ သည်ကို တွေ့ရှိခဲ့ပါကြောင်း၊ ယင်းအဖွဲ့အစည်းများသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များတွင် သြဇာသက်ရောက်မှု ရှိသည်ကို တွေ့မြင်ရပါကြောင်း။
စံနမူနာဖြစ်
မိမိတို့နိုင်ငံ၏ အမျိုးသမီးများသည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများတွင် ပါဝင်ကြပြီးလျှင် တာဝန်ယူမှု ကိုလည်း အဓိကထားစေလိုပါကြောင်း၊ အချို့အစိုးရမဟုတ် သည့် အဖွဲ့အစည်းများသည် သြဇာရှိသည့်နေရာတွင် အစိုးရထက်ရှေ့ပြေးနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် တာဝန်ယူမှုကို ချန်ထားပြီး လုပ်ပိုင်ခွင့်ကို စဉ်းစားရန်မဖြစ်ပါကြောင်း၊ မိမိတို့ အမျိုးသမီးများသည် ယင်းနေရာတွင် စံနမူနာဖြစ်စေလိုပါကြောင်း၊ မိမိတို့ အမျိုးသမီးများသည် အခွင့်အရေးတောင်းခံလာသည်နှင့် အမျှ တာဝန်ယူရန် သတ္တိရှိသည်ကိုလည်း သက်သေပြရန် အရေးကြီးပါကြောင်း။

စံနှုန်းနှင့်မကိုက်
အမျိုးသမီးများအခွင့်အရေးရခြင်းဖြင့် နိုင်ငံတစ်နိုင်ငံ၏ စံနှုန်းစံထားများသည် မြင့်မားလာပါကြောင်း၊ အမျိုးသမီးများသည် မိမိတို့၏ အခွင့်အရေးများကို တောင်းရုံသာမက မိမိတို့၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် စိတ်အားထက်သန်မှုကို မိမိတို့နိုင်ငံက အမျိုးသမီးအနေဖြင့် ပြသစေလိုပါကြောင်း၊ အခွင့်အရေးကိုသာ တောင်းခံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုကိုမူ အစိုးရကသာ အားလုံးလုပ်ရန်ဆိုသည်မှာ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီဟု သုံးသပ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''ကိစ္စ တစ်ခုကို ကွက်ပြီးကြည့်ခြင်းအားဖြင့် ကျွန်မတို့ ရသင့် ရထိုက်တဲ့ တိုးတက်မှုတွေ မရနိုင်ပါဘူး။ အခု ကျွန်မတို့ စီးပွားရေးလူငယ်အမျိုးသမီးများ အသိုင်းအဝိုင်းရောက်နေ တာဖြစ်ပါတယ်။ သို့သော်ငြားလည်း စီးပွားရေးအသိုင်း အဝိုင်းအတွက်ပဲ စဉ်းစားလို့မရပါဘူး။ ကျွန်မတို့ ဆွေးနွေး ပွဲမှာလည်း ပြောသွားတာတွေရှိမှာပါ။ တချို့စီးပွားရေး လုပ်ငန်းရှင်များလည်း ဘယ်လို ပရဟိတလုပ်ငန်းတွေ စပြီးလုပ်ခဲ့တယ်၊ စီးပွားရေးကနေပြီးတော့ လူမှုရေးကို အထောက်အကူပြုခဲ့တယ်ဆိုတာတွေလည်း ဖြစ်နိုင်ပါ တယ်။''
စစ်မှန်တဲ့စိတ်ဓာတ်
''စီးပွားရေးလုပ်ငန်းရှင်များဟာ စီးပွားရေးကိုပဲ ကွက်ပြီးကြည့်လို့မရသလို ကျွန်မတို့ရဲ့ နိုင်ငံအတွက်ပဲ ကြည့်လို့မရပါဘူး။ နောက်ဆုံးကျတော့ ကမ္ဘာကြီးအတွက်လည်း ကြည့်ရမယ်။ အခုနေချိန်ခါမှာ ဘယ်လိုမှ ရှောင်ရှား လို့မရပါဘူး။ ကျွန်မတို့နိုင်ငံနဲ့ အခြားပြည်ပနိုင်ငံတွေဟာ ဆက်နွှယ်မှုတွေ အမျိုးမျိုးရှိနေပါတယ်။ ဒီဆက်နွှယ်မှုတွေကို ကျွန်မတို့ကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်ရမလဲ။ အတ္တဟိတ၊ ပရဟိတ ကိုယ့်အတွက်၊ သူ့အတွက်၊ ကျွန်မတို့ နိုင်ငံ အတွက်၊ တခြားနိုင်ငံများအတွက်၊ အဲ့ဒီလို ကျွန်မတို့ ထိထိမိမိလုပ်မှ တကယ့်စစ်မှန်တဲ့စိတ်ဓာတ်ကို ရနိုင်မှာ ဖြစ်တယ်''ဟုလည်း ပြောကြားခဲ့သည်။

စိတ်ဓာတ်တော်လှန်ရေး
ထို့ကြောင့် မိမိတို့ အမျိုးသမီးများသည် မိမိတို့ နိုင်ငံတိုးတက်ရေးကို ပြသလိုသည်ဆိုပါက အမျိုးသမီးများ အခွင့်အရေး တင်ပြလာသည့်ကိစ္စကိုသာ အားသန်ရန်နှင့် မိမိတို့နိုင်ငံတွင် စိတ်ဓာတ်တော်လှန်ရေးကို အောင်မြင်အောင် အမျိုးသမီးများက မည်သို့ပံ့ပိုးပေးနိုင်သည် ဆိုသည့် အမြင်ရှုထောင့်မှကြည့်ပြီး လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ စိတ်ဓာတ်တော်လှန်ရေးတွင် အမျိုးသမီးများသည် ရှေ့တန်းမှ ပါဝင်ခဲ့သည်ဆိုသည့် အစဉ်အလာကို ချမှတ်နိုင်ခဲ့မည်ဖြစ်ပါကြောင်း၊ အခြားနိုင်ငံများတွင် အမျိုးသမီးများအခွင့်အရေးအတွက် လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း ''အမျိုး သမီးများ အခွင့်အရေးဆိုသည်မှာ လူသားများ၏ လွတ်လပ်ရေးပင်ဖြစ်သည်'' ဆိုသည်ကို သဘောပေါက် မည်ဟု ထင်မြင်ပါကြောင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''လူသား များ တိုးတက်ရေးအတွက် အဓိကကျတဲ့ကိစ္စကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ပြည်တွင်း ငြိမ်းချမ်းရေးတင်မကဘူး တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာကလည်း စိတ်ထဲကစတဲ့ ကိစ္စဖြစ်တယ်။''
ရှင်သန်အောင်ကူညီ
''ငြိမ်းချမ်းချင်တဲ့စိတ်ရှိမှ ငြိမ်းချမ်းမယ်။ ငြိမ်းချမ်းရေးကို တကယ်မလိုလားဘူးဆိုရင် ပါးစပ်က ဘယ်လိုပဲ ပြောပြော ငြိမ်းချမ်းရေးရအောင် ကျွန်မတို့ အထောက် အကူပြုနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ အမျိုးသမီးများဟာ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်မတို့နိုင်ငံနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးရဖို့အတွက် ဘယ်လို စိတ်ဓာတ်တွေ လိုအပ်သလဲဆိုတာကို သေသေချာချာ စဉ်းစားဆင်ခြင်ပြီးတော့ မိမိတို့လုပ်နေရတဲ့ တာဝန်တွေနဲ့ ဒွန်တွဲပြီးတော့ ဒီလို စိတ်ဓာတ်လေးတွေ ရှင်သန်တိုးတက် အောင် ကူညီပေးစေချင်ပါတယ်''ဟု ပြောကြားသည်။

ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးကဏ္ဍမှ ငြိမ်းချမ်းရေးကို မည်သို့ အထောက်အကူပေးနိုင်မည်ဆိုသည်ကို စီးပွားရေး ရှုထောင့်မှ မည်သို့လုပ်ဆောင်ရမည်၊ မည်သို့လုပ်နိုင်မည် ဆိုသည်ကို စဉ်းစားဆင်ခြင်ကြရန် တိုက်တွန်းလိုပါ ကြောင်း။
ယနေ့အခမ်းအနားတွင် အမျိုးသားအချို့ ပါဝင်လာသဖြင့် လွန်စွာ ဝမ်းသာမိပါကြောင်း၊ မိမိအနေဖြင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းခဲ့ ချိန်က အမျိုးသားများ တစ်ယောက်မျှမပါဝင်သဖြင့် အမျိုးသမီးများနှင့် ကလေးများအတွက် စောင့်ရှောက်ရေးဆိုသည်မှာ အမျိုးသားများနှင့် မသက်ဆိုင်ဘူးလားဟု ဆွေးနွေးခဲ့ကြောင်း၊ ယခု အခါတွင် အမျိုးသားများ ပါဝင်လာသည်ကို တွေ့ရှိရကြောင်း၊ အမျိုးသမီးများအတွက် အမျိုးသားများက တာဝန်ယူရသကဲ့သို့ အမျိုးသားများအတွက်လည်း အမျိုးသမီးများက တာဝန်ယူရပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ခင်ပွန်းများ၊ မိမိတို့၏ သားသမီးများ၊ တူ၊ တူမများကိုလည်း အမျိုးသမီးများက စောင့်ရှောက်သကဲ့သို့ သွန်သင်ဆုံးမကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းက ယနေ့ပွဲသည် အမျိုးသမီးများ ရက်သတ္တပတ်၏ ဖွင့်ပွဲဖြစ်ပါကြောင်း၊ ယခုကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး လုပ်ကိုင်ဆောင်ရွက်နေရသည့် ကိစ္စများ၊ စီးပွားရေးလုပ်ငန်းခွင်များအပြင် ဘက်စုံကဏ္ဍစုံမှ အားလုံး တန်းတူ တစ်ဖက်တစ်လမ်းမှ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်နေကြသည့် မြန်မာအမျိုးသမီးများကို ဂုဏ်ပြု သည့်အနေဖြင့် အမျိုးသမီးများသာမက လေးစားယုံကြည်ပြီး တန်းတူဆက်ဆံနေသည့် အမျိုးသားများကိုလည်း ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအနက် ပဉ္စမမြောက် ပန်းတိုင်ဖြစ်သည့် ကျား-မ တန်းတူညီမျှရေး၊ အမျိုးသမီး များနှင့် အမျိုးသမီးငယ်များအား စွမ်းဆောင်ရည် မြှင့်တင်ပေးပြီး အသိပညာပေးခြင်း၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ခြင်းတို့ ဆောင်ရွက်ပေးသွားနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့်အတူ တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း။
ယခုကျင်းပသည့် ဖိုရမ်သည် ပြည်သူတစ်ရပ်လုံး ပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ရန် မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် မည်သို့ပါဝင်ကြမည်ဆိုသည်ကို ဆက်လက်ဆွေးနွေးကြပြီး မိမိပတ်ဝန်းကျင်၊ အဖွဲ့ အစည်းနှင့် လူ့ဘောင်တစ်ရပ်လုံးတွင် တန်းတူညီမျှမှုများကို အားလုံးဝိုင်းဝန်း အကောင်အထည်ဖော်ကြရန် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ စကားဝိုင်း (Business Talk)ကို ဆက်လက်ကျင်းပရာ စီးပွားရေး လုပ်ငန်းနယ်ပယ်အသီးသီးမှ ဒေါ်ခင်နှင်းစိုး၊ ဒေါ်ဝင်းဝင်း တင့်၊ ဒေါ်နန်းလိုင်းခမ်း၊ ဒေါ်အိဖြိုးဟန်၊ ဒေါ်ယဉ်မျိုးစု၊ ဒေါက်တာဒေါ်ဌေးဌေးကြည်၊ ဒေါ်တင့်တင့်လွင်၊ ဒေါ်ဖြူ အိသိမ်းနှင့် ဒေါ်ချိုလဲ့အောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဖိုရမ်သို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။
(သတင်းစဉ်)

No comments:
Post a Comment