Thursday, March 30, 2017

ပြင်သစ်-စပိန်ပွဲစဉ်မှ ဆုံးဖြတ်ချက်အမှားနှစ်ခုကို အမှန်ဖြစ်အောင် ပြင်ဆင်နိုင်ခဲ့သည့် ဗီဒီယိုနည်းပညာ



Image may contain: 1 person, playing a sport and outdoor
စပိန်အသင်းက ပြင်သစ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌ မှားယွင်းခဲ့သည့် ဆုံးဖြတ် ချက်နှစ်ရပ်ကို အမှန်ဖြစ် အောင် ဗီဒီယိုနည်းပညာဖြင့် ပြင်ဆင်နိုင်ခဲ့ကြောင်း သိရသည်။ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း သွင်းယူခဲ့သည့်ဂိုးကို ဒိုင်ဖြစ်သူ ဇွယ်ယာက ဗီဒီယိုနည်းပညာသုံး နားကြပ်အကူအညီရယူကာ ပယ်ဖျက်ပေးခဲ့သည်။ စပိန်ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားက ပင်နယ်တီမှတစ်ဆင့် စပိန်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူခဲ့ပြီးနောက် ဒီလိုင်းဖ်က စပိန်အသင်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့ရာ စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် အလံထောင်ပြခဲ့သော်လည်း ဗီဒီယို နည်းပညာတွင် လူကျွံဘော မဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သဖြင့် ဒိုင်က ဂိုးအဖြစ် ခွင့်ပြုပေးခဲ့သည်။
ဗီဒီယို အနှေးပြကွက်များတွင် ဂရစ်ဇ်မန်းကို ဘောလုံးပေးပို့ခဲ့သည့် ကာဇာဝါ၏ အနေအထားမှာ မဆိုသလောက် လူကျွံနေခဲ့ပြီး ဒိုင်လူကြီးဇွယ်ယာက ဗီဒီယို လက်ထောက်ဒိုင်စနစ်၏ အတည်ပြုချက်အတွက် စက္ကန့် ၃ဝ လောက်သာ အချိန်ယူခဲ့ရကြောင်း သိရသည်။ ဂျော်ဒီအယ်လ်ဘာ၏ ဖျက်တင်ဘောမှ တစ်ဆင့် ဒီလော့ဖ် သွင်းယူသွားခဲ့သည့် ဒုတိယဂိုးအတွက် ခွင့်ပြုသင့်၊ မသင့် အတွက်မူ ဒိုင်လူကြီး ဗီဒီယိုလက်ထောက် ဒိုင်စနစ်တို့ကြား တစ်မိနစ်နီးပါး ဆွေးနွေးခဲ့ရသည်။
ဗီဒီယိုလက်ထောက် ဒိုင်စနစ်ကို ၂ဝ၁၆ စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပြင်သစ်နှင့် အီတလီအသင်းတို့ ကစားခဲ့သည့် ချစ်ကြည်ရေး ခြေစမ်းပွဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဖီဖာကမ္ဘာ့ကလပ်ဖလားပွဲတွင် အသုံးပြုခဲ့ပြီး အက်ဖ်အေ( အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်)က လာမည့်ရာသီ အက်ဖ်အေဖလား တတိယပွဲစဉ်များမှ စတင်အသုံးပြုသွားရန် ဆန္ဒရှိနေသည်။ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗီဒီယို လက်ထောက် ဒိုင်စနစ်ကို အသုံးပြုရန် လိုလားနေသူဖြစ်သည်။
မေလဲ့သင်း - စုစည်းသည်

No comments:

Post a Comment