
ဘာစီလိုနာအသင်းနည်းပြ အင်းနရစ်ဟာ ယခုနှစ်ရာသီကုန်မှာ ဘာစီလိုနာ နည်းပြအဖြစ်ကနေ အနားယူမယ်လို့ ကြေညာခဲ့တာကြောင့် ဒီသတင်းဟာ အားကစားမီဒီယာစာမျက်နှာတွေထက် လူဖတ်အများဆုံး သတင်းတစ်ပုဒ်အဖြစ် နေရာယူထားခဲ့ပါတယ်။ မီဒီယာအချို့ကဆိုရင် ခြေသွက်လက်သွက် နဲ့ အင်းနရစ်နေရာ အစားထိုးနိုင်ခြေရှိတဲ့ နည်းပြတွေရဲ့ အမည်စာရင်းကိုတောင် ထုတ်နုတ်တင်ပြထားတာတွေ မြင်တွေ့ခဲ့ရပါတယ်။ အင်းနရစ်နေရာ အစားထိုး နိုင်မယ့် နည်းပြတွေအဖြစ် ဆီဗီလာနည်းပြ ဆမ်ပါအိုလီ၊ အာဆင်နယ်နည်းပြ ဝင်းဂါး၊ စပါးနည်းပြ ပိုချက်တီနို ဘာစီလိုနာအသင်း နည်းပြဟောင်း ဂွါဒီယိုလာ အစရှိသဖြင့် နာမည်ထွက်နေကြတာဖြစ်ပါတယ်။
အင်းနရစ်နဲ့ဘာကာ လမ်းခွဲမယ့်သတင်းဟာ ပရိသတ်တွေနဲ့ ကစားသမား တွေအတွက် သတင်းဆိုးဖြစ်လာခဲ့ပြီး ဘာကာပရိသတ်အချို့ကတော့ အင်းနရစ် တစ်ယောက် ပရီမီယာလိဂ်နည်းပြအဖြစ် ဆောင်ရွက်မှာကို မလိုလားပဲ စပိန် ဘောလုံးလောကတိုးတက်ရေးကို ဆက်လက်အကျိုးပြုဖို့သာ ဆန္ဒရှိကြပါတယ်။ ဂွါဒီယိုလာ၊ ပိုချက်တီနိုတို့လို လာလီဂါမှာ ကျင်လည်ဖူးတဲ့ နည်းပြတွေ ပရီမီယာလိဂ်ကို ရောက်ရှိသွားပြီးနောက်ပိုင်း ပရီမီယာလိဂ်ဟာ နာမည်ကျော်နည်းပြများရဲ့ နားခိုရာ ဖြစ်လာခဲ့ပါတယ်။ ဒီတော့ အင်းနရစ်လည်း အနာဂတ်ကာလမှာ ပရီမီယာလိဂ်ကို သွားရောက်အခြေချနိုင်တယ်လို့ သုံးသပ်နေတာဖြစ်ပါတယ်။
အင်းနရစ်က စပို့တင်းဂီဂျွန်ကို ခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိတဲ့ ပွဲစဉ် အပြီးမှာ ယခုနှစ်နွေရာသီ ဘာကာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးရင် ကလပ် အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အင်းနရစ် က ''ယခုနှစ်နွေရာသီ ကျွန်တော် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဘာကာကနေ ထွက်ခွာမှာဖြစ်ပါတယ်။ ဒီကိစ္စက ခက်ခဲပေမယ့် ကျွန်တော်စဉ်းစား ပြီးသား ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ကျွန်တော် အနားယူဖို့လိုအပ်ပါတယ်။ ဒါက ကျွန်တော် ဘာကာကနေခွာမယ့် အဓိက အကြောင်းပြချက်ပါပဲ''လို့ ပြောကြား ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ် ဒီသတင်းအတွက် အံ့သြမိပေမယ့် နည်းပြအလုပ်ဆိုတာ အင်မတန် ခက်ခဲသလို စိတ်ဖိစီးမှုလည်းများတာကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတာ လက်ခံကြောင်း ဆိုပါတယ်။ အင်းနရစ် ပေးခဲ့တဲ့ အကြောင်းပြချက်ဟာ ယုတ္တိတန်ပြီး ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ် ဖြစ်နေပါတယ်။ ဂွါဒီယိုလာလည်း ဒီလို အလားတူ အနေအထားမျိုး ထပ်တူ ကြုံတွေ့ခဲ့ပြီး ဘာကာကို လေးနှစ်တာဝန်ယူပြီးနောက် အနားယူသွားခဲ့ပါတယ်။
အင်းနရစ်ဟာ ဘာစီလိုနာ လူငယ်နည်းပြ တာဝန်ကို ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ် သုံးနှစ်တာဝန်ယူခဲ့ပြီးနောက် ရိုးမားအသင်းကို ပြောင်းလဲကိုင်တွယ် ခဲ့ပါတယ်။ အများစုက ဂွါဒီယိုလာ လက်သစ်ဖြစ်လာလိမ့်မယ်လို့ ထင်ကြေး ပေးမှုတွေရှိပေမယ့် ရိုးမားအသင်း ဥရောပဝင်ခွင့် လွဲချော်ခဲ့ခြင်းနဲ့အတူ သူလည်း စာချုပ်သက်တမ်းပြည့် သုံးနှစ် မကိုင်တွယ်ဘဲ တစ်နှစ်သက်တမ်းနဲ့ နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် ဆယ်လ်တာဗီဂို အသင်းကို ၂ဝ၁၃-၂ဝ၁၄ ဘောလုံးရာသီအတွင်းတာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အဲဒီရာသီကုန်မှာ ဘာစီလိုနာအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ပါတယ်။ အင်းနရစ်ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း ဘာစီလိုနာဟာ ဖလားရှစ်လုံး ရရှိခဲ့ပြီးဖြစ်ပေမယ့် ပီအက်စ်ဂျီ ကို လေးဂိုးပြတ်နဲ့ အရေးနိမ့်ပြီးနောက် အားကစားမီဒီယာတွေက ဒီအကြောင်းကိုသာ အသားပေးဖော်ပြနေတာကြောင့် ပရိသတ်ဖိအား၊ အောင်မြင်မှုဖိအားနဲ့ မီဒီယာဖိအားတွေကြားထဲမှာ မလူးသာ မလွန့်သာ အခြေအနေဆိုက်သွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုဝေဖန်ချက်တွေဟာ ဘာစီလိုနာအတွက် နှစ်ပါင်းများစွာ ပေးဆပ်ခဲ့တဲ့ အင်းနရစ်အတွက် မမျှတသလို ရက်စက်လွန်းတယ်လို့လည်း ပြောလို့ရပါတယ်။ ဘာလို့ပါလဲ။ သူဟာ ကစားသမားဘဝနဲ့ ရှစ်နှစ်၊ လူငယ် နည်းပြအဖြစ် သုံးနှစ်၊ အသင်းကြီးနည်းပြအဖြစ် သုံးနှစ်တာဝန်ယူထားတာကြောင့် ဘာကာအတွက် ၁၄ နှစ်တာ ပေးဆပ်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာကို ကိုင်တွယ်ခဲ့တဲ့ ပထမရာသီမှာပဲ ပြည်တွင်းလိဂ်ဖလားနှစ်လုံး (လာလီဂါဖလား၊ ကိုပါဒယ်ရေးဖလား)၊ ချန်ပီယံလိဂ်ဖလား တစ်လုံး ရယူ ပေးနိုင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် ဂွါဒီယိုလာ လုပ်ဆောင်ပြခဲ့တဲ့ပုံစံအတိုင်း ထပ်မံ လုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက် ဘောလုံး သမိုင်းမှာ ဘာစီလိုနာတစ်သင်းတည်းသာ ဖလားသုံးလုံးကို နှစ်ကြိမ်တိုင် ရယူနိုင်ခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဆိုလိုတာက အင်းနရစ်ဟာ ကမ္ဘာ့ကလပ် ချန်ပီယံဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ စပိန် စူပါကိုပါဖလားအပါအဝင် နှစ်ရာသီအတွင်း စုစုပေါင်းဖလား ရှစ်လုံး၊ ယခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလား မရယူနိုင်ခဲ့ရင်တောင် လာလီဂါနဲ့ ကိုပါဒယ်ရေးဖလား ရယူနိုင်ဖို့ အလားအလာရှိနေဆဲဖြစ်တာကြောင့် သုံးနှစ်အတွင်း ဖလား ၁ဝ လုံးလောက် ရယူနိုင်မယ့် အလားအလားတွေကို မြင်နေရဆဲဖြစ်ပါတယ်။
တကယ်တော့ အင်းနရစ်ဟာ ဂျိုဟန်ခရိုက်ခ်၊ ဂွါဒီယိုလာတို့ပြီးနောက် ဘာစီလိုနာအသင်းရဲ့ တတိယမြောက် ဗိသုကာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း အနေနဲ့ လာမယ့်ရာသီမှာ နည်းပြသစ်တစ်ဦး မဖြစ်မနေ ခန့်အပ်သွားရမှာ ဖြစ်ပေမယ့် ဒီနည်းပြသစ်ဟာ အင်းနရစ် ရရှိခဲ့တဲ့အောင်မြင်မှုကို လိုက်မီဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် ဒီနှစ်ဘောလုံးရာသီအတွင်း ဘာစီလိုနာအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်ကနေ ထွက်ခွာရသည့်တိုင်အောင် သူ့ကို ပရိသတ်တွေအနေနဲ့ ကျေးဇူးတင်သင့်တယ်ဆိုတာကတော့ အမှန်တရား တစ်ရပ်ပဲဖြစ်ပါတယ်။
(မေလဲ့သင်း)
No comments:
Post a Comment