မြန်မာ့အလင်းအယ်ဒီတာ့အာဘော်
နိုင်ငံတစ်ဝန်းဒေသအသီးသီးတို့တွင် နေ့အပူချိန်များက တရိပ်ရိပ်မြင့် တက်လာပြီဖြစ်သည်။ ယခုကာလသည် မြန်မာပြက္ခဒိန်အရ နှစ်တစ် နှစ်၏နောက်ဆုံးလဖြစ်သကဲ့သို့ ဥတုရာသီအပြောင်းအလဲ၊ ရေမြေ တောတောင်သဘာဝပတ်ဝန်းကျင်တို့၏ အပြောင်းအလဲတို့ကို ပြက်ပြက် ထင်ထင်မြင်ရသော ကာလလည်းဖြစ်သည်။ ''တပေါင်းသာခေါင် လများ နောင်'' ဟု စာဆိုနှင့်အညီ မြန်မာစာဆို၊ ပါဠိစာဆို၊ သက္ကတစာဆိုတို့က တပေါင်းလ၏ သာယာလှပပုံကို ရှေးစာများ၌ ဂ္ထဝင်မြောက်စွာ ဖွဲ့ဆိုခဲ့ ကြသည်။
''တပေါင်း၊ တန်ခူးနှစ်လတို့သည် ဝသန္တဥတုမည်၏။ လောကသည် စဉ်းငယ်ပူ၏။ ကောင်းကင် ကြည်လင်၏။ အရွက်နုတို့ဖြင့် သစ်ပင်တို့သည် တင့်တယ်ကုန်၏။ ပေါက်၊ ချရား၊ သော်က၊ သရဖီ အစရှိသော ပန်းတို့ သည် ပွင့်ကုန်၏။ ဥသြငှက်၊ ပျားပိတုန်းတို့ဖြင့် ပြွမ်းကုန်၏။ တောင်လေ လာ၏'' ဟု ဥတုဘောဇနသင်္ဂဟကျမ်းတွင် တွေ့ရသည်။ ဥတုအာဟာရ ဖြင့် သတ္တဝါတို့၏ မာခြင်း၊ နာခြင်းသည်လည်းကောင်း၊ အသက်ရှည် ခြင်းသည်လည်းကောင်း ဖြစ်သောကြောင့် အထူးထူးသော ဆေးကျမ်း တို့၌ဆိုအပ်သော ဥတုဘောဇဉ်တို့ကို ပေါင်းစုရာဖြစ်သောကျမ်းဟူ၍ ဥတုဘောဇနသင်္ဂဟကျမ်းကို ဖွင့်ဆိုထားရာ ရာသီဥတုနှင့်လိုက်လျော ညီထွေစွာ နေထိုင်စားသောက်တတ်စေရန်အတွက် လမ်းòန်ပြသော ကျမ်းဟု ဆိုရမည်ဖြစ်သည်။
မြန်မာ့ရိုးရာဆေးကျမ်းတို့အလိုအရ တပို့တွဲလနှင့် တပေါင်းလတို့ကို သိသိရ ရတုဟူ၍လည်းကောင်း၊ တန်ခူးလနှင့် ကဆုန်လတို့ကို ဝသ္တရတု ဟူ၍လည်းကောင်း ခွဲခြားသတ်မှတ်ထားရာ အဆိုပါလများ၌ ပင်ပန်းစွာ ပြုလုပ်ရမည့် အမှုတို့ကို မပြုလုပ်ရန် မဃဒေဝလင်္ကာတွင် အကြံပြုထား သည်ကို တွေ့ရသည်။ '' ထိုမှတစ်ထူး၊ အတာကူးသား၊ တန်ခူးကဆုန်၊ ပူဟုန်တက ကြွ၊ ဝသန္တနှင့်၊ တဝထိုမျှို့၊ တပို့-တပေါင်း၊ ကြက်ဆောင်းမာသ၊ သိသိရ၌၊ လုံ့လကြိုးကုတ်၊ အားထုတ်ပြင်းစွာ၊ မပြုရာတည့်'' ဟူ၍ ဆိုထား သည်။ ဤကာလတွင် ကြေလွယ်သော၊ သလိပ်ကိုနိုင်သော အစပ်၊ အပူ၊ အငန်၊ အခါးအရသာတို့ကိုသာ စားရန်၊ ကုန်းသတ္တဝါတို့၏ အသားကို သာစားရန်၊ နှိပ်နယ်ခြင်း၊ မျက်စဉ်းခတ်ခြင်း၊ နှာနှပ်ခြင်း၊ သလိပ်ထွက် စေသည့် ဆေးမှီဝဲခြင်း၊ စိမ့်စမ်းရေတံခွန်တို့မှ ရေကိုသုံးဆောင်ခြင်းစသည် တို့ကို ခေတ်နှင့်အညီပြု၍ နေ့ဘက်တွင် အိပ်စက်ခြင်း၊ အချိုအဆိမ့်၊ အဖန်၊ အေးသော၊ ကြေခဲသောအစာနှင့် တက်သောအစာတို့ကို ရှောင်ကြဉ် ရန် လမ်းòွှန်ထားကြသည်ကို တွေ့ရသည်။
အပူချိန်မြင့်မားသည့် အချိန်ကာလတွင် အပူဒဏ်ကြောင့် ချွေးထွက် လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဆားဓာတ်များ ဆုံးရှုံးမှုများပြားကာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးချည့်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေး ခြောက်၍ ကိုယ်အပူချိန်တက်ခြင်း၊ အတက်ရောဂါဖြစ်ပွားခြင်း၊ သတိလစ် ခြင်းတို့အပြင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေထိ ဖြစ်တတ် ကြောင်းနှင့် အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နှစ်စဉ်နှိုးဆော်ပေးလျက် ရှိသည်။
အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် နေပူရှိန်မြင့်တက်လာသည့် နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်၊ မြစ်ကမ်းနား၊ ရေဆိပ်တို့၌ ရေချိုးခြင်းကို ရှောင်ကြဉ်၍ အရိပ်ရပြီး အေးမြသော နေရာများတွင် နေရန်၊ နေပူမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ရန်၊ နေပူအောက်တွင် ကိုယ်လက်လှုပ်ရှားခြင်း၊ အချိန်ကြာ မြင့်စွာ အလုပ်လုပ်ခြင်းတို့ မပြုရန်၊ အပူရှိန်ပြင်းထန်သော နေ့ခင်းအချိန် တွင် ခရီးသွားခြင်း၊ အရက်သောက်ခြင်းတို့ကို ရှောင်ကြဉ်ရန်၊ နေ့ခင်းဘက် အပြင်ထွက်ပါက အရိပ်လုံလောက်စွာရသည့် ထီး၊ ဦးထုပ်များဆောင်း ရန်နှင့် အဖြူရောင်၊ အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည် ကိုသာ ဝတ်ဆင်ရန်၊ ရေ၊ ဖျော်ရည်နှင့် ဓာတ်ဆားရည်တို့ သောက်သုံးရန်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ နေ့လယ်နေ့ခင်းတွင် လေဝင်လေထွက်ကောင်း သည့် အရိပ်ရသောနေရာများ၌ နေရန်၊ ကိုယ်အပူချိန်တက်ပါက ရေအေးဖတ်နိုင်နိုင်တိုက်ရန်နှင့် ကိုယ်အပူချိန်မြန်မြန်ကျဆင်းစေရန် အတွက် လည်ပင်း၊ ချိုင်းကြားနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက် စုစုပေါင်း ငါးနေရာတွင် ရေအေးဖတ်ကပ်ကာ ရေများများသောက်စေရန်၊ အပူဒဏ် ကြောင့် နုံးချည့်ခြင်း၊ ကြွက်တက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ အတက် ရောဂါဖြစ်ပွားခြင်း၊ သတိလစ်ခြင်းတို့ဖြစ်လာပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ အမြန်ဆုံးသွားရောက်ပြသကုသရန် နှိုးဆော်ထားသည်တို့ကို ထပ်ဆင့်မျှဝေအကြံပြုအပ်ပါကြောင်း။ ။
No comments:
Post a Comment