Thursday, March 30, 2017

ဥရောပဘောလုံးလောက၏ လူငယ်ကြယ်တစ်ပွင့် အမ်ဘတ်ပီ

Image may contain: 1 person, playing a sport and outdoor


မိုးမြင့်လင်းလက်

ဥရောပ ဘောလုံး ရပ်ဝန်းမှာတော့ အခုတလော လှုပ်လှုပ်ရှားရှားဖြစ်နေပါတယ်။ အင်္ဂလန် ထိပ်တန်းအသင်းတွေရော၊ စပိန်လာလီဂါနဲ့ ဘွန်ဒက်လီဂါ နာမည်ကြီးအသင်းတွေကပါ စိတ်ဝင်စားမှုပြင်းပြနေတဲ့ မိုနာကိုအသင်းရဲ့ လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီအကြောင်း ဖြစ်ပါတယ်။ ဥရောပဘောလုံး ဇာတ်ခုံပေါ်မှာ ခြေစွမ်းထက်တဲ့ လူငယ် တိုက်စစ်မှူးတွေ ရှားပါးနေချိန်မှာ ထူးထူးခြားခြား ထွက်ပေါ်လာ တဲ့ အမ်ဘတ်ပီကို ထိပ်တန်းကလပ်တွေစုပြီး မျက်စိကျနေတာမို့ ဘယ်အသင်းက ဘယ်လောက် အထိပေးပြီး ခေါ်ယူသွားမယ်ဆိုတာ စိတ်ဝင်စား စရာတော့ ကောင်းနေပြီဖြစ်ပါတယ်။
အမ်ဘတ်ပီဟာ အသက် ၁၈ နှစ်သာ ရှိသေး ပေမယ့် မိုနာကိုအသင်းမှာ ခြေစွမ်းပြနေတာမို့ အခုဘောလုံးရာသီမှာ မိုနာကိုအတွက် ပြိုင်ပွဲ စုံ ၃၂ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူထားနိုင်နေပါ တယ်။ မိုနာကိုအသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ အမ်ဘတ်ပီက ခုနစ်ဂိုးသွင်းယူထားနိုင် တာမို့ ပြိုင်ဘက်ကစားသမားတွေရော နည်းပြ တွေပါ အံ့အားသင့်ပြီး စိတ်ဝင်တစား စောင့် ကြည့်ခံနေရသူလည်း ဖြစ်နေပါတယ်။
အမ်ဘတ်ပီဟာ ဒီနှစ် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ မိုနာကိုနဲ့ မန်စီးတီးတို့ ဆုံတွေ့ခဲ့တဲ့ ပွဲစဉ်မှာ နှစ်ကျော့စလုံး ဂိုးတွေသွင်းယူနိုင်ခဲ့တာ ကြောင့် မန်စီးတီးနည်းပြ ဂွာဒီယိုလာ မျက်စိကျ လာခဲ့တဲ့ ကစားသမားဖြစ်ပြီး လာမယ့် အပြောင်း အရွှေ့ကာလမှာ ရအောင်ခေါ်ယူနိုင်ဖို့ မန်စီးတီး အုပ်ချုပ်ရေးအဖွဲ့ကို တောင်းဆိုထားတယ်လို့ ဆို ပါတယ်။
အမ်ဘတ်ပီဟာ ပြင်သစ်နိုင်ငံ ဘွန်ဒီတို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင် အရပ်အမောင်း က ၅ ပေ ၁ဝ လက်မ ရှိပါတယ်။ ဖခင်ဖြစ်သူက ကင်မရွန်းနိုင်ငံသားဖြစ်ပြီး လက်ရှိအချိန်မှာ တော့ သူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ အေးဂျင့်တစ်ဦးအဖြစ်လုပ်နေသလို ငယ်စဉ်က သူ့ရဲ့ ဘောလုံးနည်းပြလည်း လုပ်ခဲ့သူဖြစ်ပါ တယ်။ အမ်ဘတ်ပီရဲ့အစ်ကို ဝမ်းကွဲတော်စပ်သူ အီကိုကိုကတော့ ဘောလုံးသမားဖြစ်ပြီး သူတို့ အမျိုး တွေထဲမှာတော့ ဘောလုံးကစားနည်းနဲ့ ပတ်သက်လို့ သူတို့နှစ်ဦးပဲ ရှိပါတယ်။
အမ်ဘတ်ပီရဲ့ လူငယ်ဘောလုံးသမားဘဝကို အေအက်စ်ဘွန်ဒီအသင်းမှာ ၂ဝ၁ဝ ပြည့်နှစ် ကနေပြီး ၂ဝ၁၃ ခုနှစ်အထိ ကစားခဲ့ပြီးတဲ့နောက် ပိုင်းမှာ သူရဲ့ ခြေစွမ်းကို သဘောကျခဲ့တဲ့ မိုနာကို အသင်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။ မိုနာကို(B)အသင်းမှာ ကစားခဲ့တဲ့အခါ ၂ဝ၁၅ ခုနှစ်မှာ ၃၃ ပွဲကစားပြီး ၁၃ ဂိုးသွင်းခဲ့သလို ၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီမှာ အမ်ဘတ်ပီက ၁၂ ပွဲကစားခဲ့ ပြီး လေးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီဖြစ်တဲ့ ၂ဝ၁၆-၂ဝ၁၇ မှာ တော့ အခုအချိန်အထိ ပြိုင်ပွဲစုံ ၃၁ ပွဲမှာ ၁၉ ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့အထိ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
အမ်ဘတ်ပီရဲ့ ခြေစွမ်းကို သဘောကျတဲ့ နည်းပြ ဒတ်ချိမ့်ဟာ သူကိုင်တွယ်နေတဲ့ ပြင်သစ် အသင်းမှာ ခေါ်ယူထည့်သွင်း အသုံးပြုခဲ့တာမို့ အခုဆိုရင် အမ်ဘတ်ပီဟာ ပြင်သစ် လက်ရွေး စင် ကစားသမားအဖြစ် ရောက်ရှိလာခဲ့ပြီဖြစ်ပါ တယ်။ အမ်ဘတ်ပီဟာ ၂ဝ၁၆ ခုနှစ်က ပြင်သစ် ယူ ၁၉ အသင်းမှာလည်း ပါဝင်ကစားပေးခဲ့ရာမှာ ၁၁ ပွဲမှာ ခုနစ်ဂိုးရအောင် သွင်းယူနိုင်ခဲ့တာမို့ အခုဆိုရင် ပြင်သစ်လက်ရွေးစင်အသင်းကြီးရဲ့ တိုက်စစ်မှူးအဖြစ် ရွေးချယ်ခေါ်ယူခံခဲ့ခြင်းဖြစ် ပါတယ်။
အမ်ဘတ်ပီဟာ မိုနာကိုအသင်းနဲ့အတူ ပထမ ဆုံးပွဲထွက် ကစားခဲ့နိုင်တဲ့အချိန်က အသက် ၁၆ နှစ် ၃၄၇ ရက်သာရှိသေးတာမို့ ပြင်သစ်ဘောလုံး လောကမှာ အသက်အငယ်ဆုံး ပွဲထွက်ကစား သမားအဖြစ် လွန်ခဲ့တဲ့ ၂၁ နှစ်က စံချိန်တင်ထား ခဲ့တဲ့ အွန်နရီရဲ့ စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်လီဂူး-၁ ပြိုင်ပွဲရဲ့ မိုနာကိုနဲ့ ထရို အက်စ်အသင်းတို့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ မိုနာကိုအသင်းသမိုင်းမှာတော့ အသက်ငယ်ဆုံး ဂိုးသွင်းသူအဖြစ် ၁၇ နှစ် ၆၂ ရက်နဲ့ စံချိန်တင်နိုင် ခဲ့သူဖြစ်ပါတယ်။
အမ်ဘတ်ပီဟာ လျင်မြန်မှု၊ ဘောလုံးထိန်း သိမ်းရာမှာ ကျွမ်းကျင်မှု၊ အဆုံးသတ်ဂိုးသွင်းရာ မှာ သေချာမှုဆိုတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ကို ပိုင်ဆိုင်ထားတာမို့ သူ့ကို အွန်နရီလက်သစ် လို့လည်း တင်စားခေါ်နေကြပါတယ်။ ဒီနှစ် ဥရောပထိပ်တန်းလိဂ် ငါးခုမှာ ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၁ ရက်က စတင်ပြီး ပြိုင်ပွဲစုံမှာ တတိယဂိုး အများဆုံး သွင်းယူနိုင်တဲ့သူအဖြစ် မက်ဆီနဲ့ လီဝမ်ဒေါစကီးတို့ကို ကျော်ဖြတ်ပြီး ၁၃ ဂိုး သွင်း ယူနိုင်ခဲ့လို့ ဥရောပထိပ်တန်းကလပ်တွေရဲ့ အာရုံ စိုက်ခြင်းကို ခံနေရတာဖြစ်ပါတယ်။
ဒီလိုတိုက်စစ်ခြေစွမ်းပြနေတဲ့ အမ်ဘတ်ပီကို ရီးရဲမက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ပြောင်း ရွှေ့ကြေးပေါင်သန်း ၈ဝ ပေးပြီး ခေါ်ယူနိုင်ရေး ကြိုးစားနေပြီဖြစ်သလို ဘာစီလိုနာအသင်းက လည်း လက်ဦးမှုရရှိရေး အားထုတ်နေပြီဖြစ်ပါ တယ်။ တိုက်စစ်မှူးကောင်းလိုအပ်နေတဲ့ မန်ယူ နဲ့ မန်စီးတီးတို့က ငွေထုပ်ပိုက်ပြီး ခေါ်ယူနိုင်ရေး ကြိုးစားနေသလို ဘိုင်ယန်မြူးနစ်ကလည်း တိုက်စစ်သွေးသစ် လောင်းဖို့အတွက် အမ်ဘတ် ပီကို စိတ်ဝင်စားနေပါတယ်။
ဒါကြောင့်မို့ မိုနာကိုအသင်းရဲ့ လူငယ်တိုက်စစ် မှူး အမ်ဘတ်ပီဟာ လာမယ့် ဘောလုံးရာသီမှာ ဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာ စိတ် ဝင်စားစရာ ကောင်းနေတာတော့ အမှန်ပါပဲ။ ။

No comments:

Post a Comment