Thursday, March 2, 2017

ကုလားတန်မြစ်ဝှမ်း ဘက်စုံစီမံကိန်းများ အကောင်အထည်ဖော်ခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတ

က်မြင့်မားလာမည်

နေပြည်တော် မတ် ၁
ချင်းပြည်နယ်တွင် ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် ယမန်နေ့က ချင်းပြည်နယ်အတွင်းရှိ မတူပီ၊ ဆမီးနှင့် ပလက်ဝမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဒေါက်တာထွန်းနိုင်တို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မတူပီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ မြို့နယ်ပညာရေးမှူးရုံး ဆောက်လုပ်မည့်နေရာနှင့် ပြိုကျရန် အန္တရာယ်ရှိသည့် ကျောင်းဆောင်များအား ဖျက်သိမ်းဆောင်ရွက်မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံသစ်ဆောက်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေးသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ဆမီးမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး ကျောင်းဆောင်များ အဆင့်မြှင့်တင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ (၂၅)ခုတင်ဆံ့ မြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံအတွင်းရှိ လူနာကုသဆောင်များ၊ ဓာတ်ခွဲခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး ဆေးရုံတက်လူနာများကို ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အပိုင်းက ပံ့ပိုးကူညီပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆမီးမြို့ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို မြို့မိမြို့ဖ ဦးအန်းလွင်က တင်ပြရာ တာဝန်ရှိသူများက ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေး၊ မြို့နယ် ချင်းဆက်လမ်းဖောက်လုပ်ပေးရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ကျောင်းများနှင့် ဆေးရုံများ အဆင့်တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဉ်များကို ပြန်လည်ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ပလက်ဝမြို့ ခုတင် (၅ဝ)ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး လူနာကုသဆောင်များ၊ ဆေးသိုလှောင် ခန်း၊ ဓာတ်ခွဲခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး ဆေးရုံတက်လူနာများကို ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အပိုင်းက ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ပလက်ဝမြို့ ဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ၏ လိုလားချက်များကို မြို့မိမြို့ဖ ဦးဟောင်ဝှေ့ကတင်ပြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပလက်ဝမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်သိန်း ၁ဝဝ ကို ဒုတိယသမ္မတက မြို့နယ်စီမံ ခန့်ခွဲရေးကော်မတီဝင် တစ်ဦးထံ ပေးအပ်သည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ဆိုလာပြား ၅ဝ ကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လည်းကောင်း၊ စောင် ၂၅ဝ ကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်ကလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ၌ ဒုတိယသမ္မတအား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ကုလားတန်မြစ် အနောက်ဘက်ကမ်းမှ စတင်ဖောက်လုပ်မည့် ပလက်ဝမြို့-မီးဇာ-ရှင်းလက်ဝ ကားလမ်းအူကြောင်း ရွေးချယ်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၌ပါဝင်သည့် ပလက်ဝဆိပ်ခံတံတားသို့ ရောက်ရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ပလက်ဝဆိပ်ကမ်းအတွင်းရှိ သိုလှောင်ရုံ၊ ဆိပ်ခံတံတားနှင့် ကုန်ပစ္စည်းတင်ချမည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ကုလားတန်မြစ်ကူး (ပလက်ဝ) တံတားတည်ဆောက်ရန် ရွေးချယ်ထားသည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေး တာဝန်ခံများက တံတားတည်ဆောက်ရန် နေရာရွေးချယ်ဆောင်ရွက်ခဲ့မှုနှင့် စီမံကိန်းစတင်ဆောင်ရွက်နိုင်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ပလက်ဝမြို့သည် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသဖြင့် ကားများမြို့တွင်းသို့ တိုက်ရိုက်သွားလာနိုင်ခြင်းမရှိသည့်အတွက် ကုလားတန်မြစ်ကူးတံတားတစ်စင်းတည်ဆောက်ရန် လိုအပ်လျက်ရှိသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်း၍ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်သည်။
ကုလားတန်မြစ်ကူး(ပလက်ဝ) တံတားတည်ဆောက်ရေးအတွက် ငွေကျပ် ၁ဝ ဒသမ ၅ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ်တစ်ဘီလီယံ၊ ချင်းပြည်နယ်အစိုးရရန်ပုံငွေမှ ငွေကျပ် ၂ ဒသမ ၅ ဘီလီယံဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲများတွင် ဒုတိယသမ္မတက ယခုကဲ့သို့ နိုင်ငံတော်မှ ကုလားတန်မြစ်ကူးတံတားစီမံကိန်းနှင့် ကုလားတန်မြစ်ဝှမ်းဘက်စုံစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းအားဖြင့် ဒေသခံပြည်သူများအနေ ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပါကြောင်း၊ စီမံကိန်းကြီးများ ပြီးမြောက်အကောင်အထည်ဖော်ပြီးပါကလည်း ထုတ်လုပ်ထားသည့် ဒေသထွက်ကုန်ပစ္စည်းများ လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်မှာဖြစ်သလို ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ယင်းသို့ ရရှိလာမည့် အခွင့်အလမ်းများကို အသုံးချနိုင်ရန် မိမိဒေသရေမြေသဘာဝနှင့် ကိုက်ညီသင့်လျော်သော စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး ယခုအချိန်ကတည်းကစ၍ ကြိုတင်ပြင်ဆင်စီမံထားကြစေလိုကြောင်း။
နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပါကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး (၂၁) ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်ရန် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း မှာကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
(သတင်းစဉ်)

No comments:

Post a Comment