Thursday, March 2, 2017

ကျပ်သိန်း တစ်သောင်းချီးမြှင့်မည့် ကျပ် ၅ဝဝ တန် အောင်ဘာလေထီ စတင်ရောင်းချ (၃၃၉)ကြိမ်မြောက် ကျပ်၂ဝဝ တန် ထီလက်မှတ်ကိုလည်း ဆက်လက်ရောင်းချမည်



Image may contain: one or more people
ရန်ကုန် မတ် ၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ကျပ်သိန်းတစ်သောင်းချီးမြှင့်မည့် ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီလက်မှတ်အား မတ် ၁ ရက်(ဗုဒ္ဓဟူးနေ့)တွင် စတင်ရောင်းချခဲ့ကြောင်း သိရသည်။
ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီလက်မှတ်ရောင်းချ ပွဲကို မတ် ၁ ရက်တွင် ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင် ကျင်းပပြီး ကျပ် ၅ဝဝ တန် ထီလက်မှတ်နှင့်အတူ ယခင် ကျပ် ၂ဝဝ တန် ထီလက်မှတ်ကိုလည်း ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီလက်မှတ်တွင် ''က''အက္ခရာမှ ''သ'' အက္ခရာအထိ အက္ခရာအလုံး ၃ဝ၊ အရန်ထီအဖြစ် ''ဟ'' အက္ခရာနှင့် ''ဠ'' အက္ခရာ (''အ'' အက္ခရာမပါဝင်)အပါအဝင် အရန်ထီ ''ကက'' အက္ခရာမှစ၍ ရောင်းချပေးသွားမည်ဟု သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ဒေသအသီးသီးသို့ ထီကိုယ်စားလှယ်စုစုပေါင်း ၂၃၁၉ ဦးထံသို့ ထီစာအုပ် ၂၈၈၆၉၉၉ အုပ်၊ ထီလက်မှတ်စောင်ရေပေါင်း ၃၁၇၅၆၉၈၉ စောင် ဖြန့်ဝေပေးပို့ထားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ထီလက်မှတ်များအပြင် အရန်ထီလက်မှတ်များကိုလည်း ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျပ် ၅ဝဝ တန် ထီလက်မှတ် အက္ခရာ အလုံး (၃ဝ) ကို ပထမ အကြိမ်အဖြစ်လည်းကောင်း၊ အရန်ထီများကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ ခွဲဝေပေးပို့ပြီးနောက် ထပ်မံဝယ်ယူလိုသူများရှိပါက ကျပ် ၅ဝဝ တန် အရန်ထီလက်မှတ်စာအုပ်များကို အနည်းဆုံးအုပ်ရေ ၁ဝဝ နှင့်အထက် ဝယ်ယူလိုသူများအား ဘဏ်ငွေသွင်းချလန် (TF-1) ဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲတည်ရှိရာ အမှတ် (၃၈၄) မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့် ကျောက်တံတားမြို့နယ်တွင် မတ် ၃ ရက်မှ ၂၄ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျပ် ၅ဝဝ တန် အောင်ဘာလေထီတွင် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ် သိန်း ၁ဝဝဝဝ နှင့် ကျပ်သိန်း ၅ဝဝဝ၊ ကျပ်သိန်း ၁ဝဝဝ ဆုများပါဝင်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ် ၅ဝဝဝဝ ဖြစ်ကြောင်း သိရသည်။
အလားတူ ကျပ် ၂ဝဝ တန် အောင်ဘာလေထီကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပြီး လာမည့် (၃၃၉) ကြိမ်မြောက် ကျပ် ၂ဝဝ တန် အောင်ဘာလေထီတွင် ''က''အက္ခရာမှ ''ဂ''အက္ခရာအထိ အက္ခရာ သုံးလုံးသာ ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျပ် ၂ဝဝ တန် အောင်ဘာလေထီလက်မှတ်၏ ဆုမဲများမှာ ယခင်ကဲ့သို့ပင် အမြင့်ဆုံးဆု ကျပ်သိန်း ၁၅ဝဝ ဖြစ်ပြီး ကျပ်သိန်း ၁ဝဝဝ ဆု မပါဝင်တော့ဘဲ ကျပ်သိန်း ၁ဝဝ ဆု၊ ကျပ်သိန်း ၅ဝ ဆုများ ပါဝင်မည်ဖြစ်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ်တစ်သိန်းဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။
ယင်းအပြင် မတ် ၁ ရက်တွင် (၃၃၈) ကြိမ်မြောက် ကျပ် ၂ဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆု ဌာနခွဲတွင် ကျင်းပခဲ့ပြီး အဆိုပါ ထီဖွင့်ပွဲတွင် အက္ခရာ ၄၂ လုံး၊ ထီစာအုပ် ၃၄၃၆၃၅၆ ကို ရောင်းချနိုင်ခဲ့ပြီး ဆုကြီးတစ်ဆုချင်းစနစ်အရ ကျပ် သိန်း ၁၅ဝဝ ဆု တစ်ဆု၊ ကျပ်သိန်း ၁ဝဝဝ ဆု နှစ်ဆု၊ ကျပ်သိန်း ၅ဝဝ ဆု ငါးဆု၊ ကျပ်သိန်း ၃ဝဝ ဆု ခြောက်ဆု၊ ကျပ်သိန်း ၂ဝဝ ဆု ခုနစ်ဆု၊ ကျပ်သိန်း ၁ဝဝ ဆု ၁၈ ဆု၊ ကျပ်သိန်း ၅ဝ ဆု ၂ဝ ၊ ကျပ်၂၅ သိန်းဆု ၂ဝ ၊ ကျပ် ၁ဝ သိန်းဆု ၂၇ ဆု၊ ကျပ် ၅ သိန်းဆု ၃၃ ဆု၊ ဝေဝေဆာဆာ ပဒေသာ ဆုမဲစနစ်များမှ အက္ခရာနှင့် ရှေ့ဂဏန်း ငါးလုံးတူ ၁ဝ ယူနစ်အတွက် ကျပ် ၃ သိန်းဆု ၁ဝဝ၊ အက္ခရာနှင့် ရှေ့ဂဏန်း လေးလုံးတူ ၁ဝ ယူနစ်အတွက် ကျပ် ၂ သိန်းဆု ၁ဝဝဝ၊ အက္ခရာနှင့် ရှေ့ဂဏန်း သုံးလုံးတူ ၁၁ ယူနစ်အတွက် ကျပ် ၁ သိန်းဆု ၁၁ဝဝဝ ၊ အက္ခရာနှင့် ရှေ့ဂဏန်း နှစ်လုံးတူ ၃ ယူနစ်အတွက် ကျပ် ၅ သောင်းဆု ၃ဝဝဝဝ အပါအဝင် ဆုမဲပေါင်း ၄၂၂၃၉ ဆု ဖြစ်ကြောင်း သိရသည်။
ကျပ် ၅ဝဝ တန် အောင်ဘာလေထီ စတင်ရောင်းချခြင်း မပြုမီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကျပ် ၅ဝဝ တန် ထီလက်မှတ်များ ရောင်းချခြင်းနှင့်ပတ်သက်၍ ထီလက်မှတ်ပေါ်တွင် ရိုက်နှိပ်ထားသော မူရင်းထီလက်မှတ် တန်ဖိုးအတိုင်း ရောင်းချရန်နှင့် တန်ဖိုးအတိုင်း ရောင်းချခြင်းမပြုပါက ပဋိညာဉ် စာချုပ်ပါအတိုင်း ထီကိုယ်စားလှယ်အား အမည်ပျက်စာရင်း Black List အဖြစ် သတ်မှတ်မည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် လစဉ်ထီစာအုပ် ဝယ်ယူခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ ထီအရောင်းကိုယ်စားလှယ်က ဌာနသို့ ပေးသွင်းထားသည့် အာမခံငွေ Deposit အား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
ထီထိုးကံစမ်းမည့် ပြည်သူများအနေဖြင့်လည်း ထီတစ်စောင်ခြင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ၊ အုပ်လိုက်ဖြစ်စေ မူရင်းဈေးနှုန်းအတိုင်း ရောင်းချသည့် ဆိုင်များတွင်သာ ဝယ်ယူကံစမ်းကြရန်နှင့် ဈေးပိုရောင်းသည်များကို တွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်သည့်ဌာန၏ ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းကြေညာခဲ့ကြောင်း သိရသည်။
ဆုနှင်းလဲ့
ဓာတ်ပုံ- ခင်မောင်ဝင်း (ကြေးမုံ)

No comments:

Post a Comment