
ညောင်ဦး မတ် ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ မြို့ပေါ်ရပ်ကွက်များရှိ ကလေးငယ်များအား စာပေကိုချစ်မြတ်နိုးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်း များပေါ်ထွန်းလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်သော လူရည်ချွန်ကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ညောင်ဦးမြို့ အမှတ်(၄) ရပ်ကွက် ကြွေကန်စေ့ဘုရား ဓမ္မာရုံတွင် ကလေးငယ်များ စာပေလေ့လာဖတ်ရှုနိုင်ရေးအတွက် ကလေးစာဖတ်ဝိုင်းစီစဉ်ဆောင်ရွက်ထားရှိပေးထားပြီး အဆိုပါ ကလေး စာဖတ်ဝိုင်းဖွင့်ပွဲကို မတ် ၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
ညောင်ဦးမြို့ အမှတ်(၄)ရပ်ကွက် ကြွေကန်စေ့ဘုရားဓမ္မာရုံတွင် ကလေး စာဖတ်ဝိုင်းစီစဉ်ဆောင်ရွက်ထားရှိနိုင်ရေးအတွက် လိုအပ်သည့် ကလေးစာပေ စာအုပ်များကို ညောင်ဦးမြို့ P-2 စာအုပ်အရောင်းဆိုင်နှင့် KT ဖုန်း အပိုပစ္စည်းအရောင်းဆိုင်တို့မှ ပံ့ပိုးကူညီလှူဒါန်းပေးထားပြီး ကနဦးကလေးငယ်များ စာပေဖတ်ရှုနိုင်ရေး ကလေးစာပေများဖြစ်သည့် ပုံပြင်၊ ရုပ်ပြနှင့် ဉာဏ်စမ်း ပဟေဠိစာအုပ်မျိုးစုံ ၂၅ဝ ခန့် လှူဒါန်းထားရှိပေးထားကြောင်း သိရသည်။
အလှူရှင်များအနေဖြင့် ကလေးစာဖတ်ဝိုင်းထားရှိမှု အောင်မြင်ပါက ကလေးငယ်များအား စာပေဖတ်ရှုနိုင်ရုံသာမက ပန်းချီသင်တန်း၊ ကရာတေး သင်တန်းနှင့် ကိုယ်ခံပညာရပ်ဖြစ်သည့် သိုင်းပညာသင်တန်းများကိုပါ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကလေးစာဖတ်ဝိုင်းအား ကလေးငယ်များအားလပ်ချိန်တွင် လာရောက်ဖတ်ရှုနိုင်ရေး ပိတ်ရက်မရှိ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားရှိပေးသွားမည်ဖြစ်ကြောင်း စာအုပ်အလှူရှင် ညောင်ဦးမြို့ P - 2 စာအုပ် အရောင်းဆိုင်ပိုင်ရှင် ဦးကြည်ဆွေလတ်၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)
No comments:
Post a Comment