
မန္တလေး မတ် ၅
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် မတ် ၈ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုမည့်စာရင်းရှိဦးရေမှာ ၁ဝ၅ဝဝဝ ရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံး စာရင်းများအရ သိရသည်။
ထို့ပြင် ယခုနှစ်ဖြေဆိုမည့် ဦးရေမှာ ယမန်နှစ်ထက်ပိုမိုများပြားသည့်အတွက် စာစစ်ဌာနများတိုးချဲ့ဖွင့်လှစ်ထားသည့်အပြင် အိုးဘိုအကျဉ်းထောင်နှင့် မန္တလေးအထွေထွေရောဂါကုဆေးရုံတွင်လည်း စာစစ်ဌာနများသီးသန့် ဖွင့်လှစ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက ပြောသည်။
''စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူအားလုံး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းလိုက်နာဖြေဆိုကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ စာမေးပွဲဖြေဆိုနေတဲ့အတွင်းမှာလည်း အခက်အခဲမရှိရအောင် ကျွန်တော်တို့ပညာရေးဝန်ထမ်းအားလုံးက အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အားလုံးအထူးချွန်ဆုံးဖြေဆိုနိုင်စေဖို့ ဆုတောင်းပေးပါတယ်''ဟု ၎င်းက ပြောသည်။
ယခုနှစ်စာမေးပွဲတွင် စာဖြေခန်းတစ်ခန်းလျှင် ဖြေဆိုသူဦးရေ ၃ဝ သတ်မှတ်ထားပြီး လက်ထောက်ကြီးကြပ်ရေးမှူးနှစ်ဦးက ကြီးကြပ်မည်ဖြစ်သည်။ ထို့ပြင် ဖြေဆိုသူဦးရေ ၈ဝဝ ရှိသော စာစစ်ဌာနတစ်ခုကို ကြီးကြပ် ရေးမှူးတစ်ဦး တာဝန်ချထားပြီး ၈ဝဝ ထက်ကျော်လွန်ပါက တွဲဖက်ကြီးကြပ်ရေးမှူးတစ်ဦးကိုပါ အပိုချထားပေးကြောင်းသိရသည်။
ယမန်နှစ်ကကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၉၁၆၈၈ ဦးရှိခဲ့ပြီး စာစစ်ဌာန ၁၆၅ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ အောင်မြင်သူ ၃၂၅၅၁ ဦး ရှိခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအနက် အိုးဘိုအကျဉ်းထောင်စာစစ်ဌာနမှ ၁၁ ဦး၊ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးစာစစ်ဌာနမှ သုံးဦးနှင့် ဆွံ့အနားမကြားကျောင်းသား ကျောင်းသူ ကိုးဦးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မတ် ၄ ရက် စာရင်းများအရ သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
No comments:
Post a Comment