Saturday, March 4, 2017

သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တေရသမအစည်းအဝေး ပထမနေ့ကျင်းပ



Image may contain: one or more people, table and indoor
ရန်ကုန် မတ် ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တေရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုး တော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဂုဏိကာဘိဝံသက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူသည်။ (သာရဏီယသြဝါဒကထာကို သီးခြား ဖော်ပြထားပါသည်)။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးအတွက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများက ဂန္ထဓုရ၊ ဝိပဿနာဓုရ တာဝန်များကို ဦးဆောင်ကြိုးပမ်းဆောင်ရွက်တော်မူလျက်ရှိချိန်တွင် တစ်ဖက်ကလည်း သာသနာတော်ကွယ်ပျောက် ပျက်စီးနိုင်လောက်အောင် နှောင့်ယှက်ဖျက်ဆီးနေကြသည့် သာသနာ့အတွင်းရန်၊ သာသနာ့အန္တရာယ်၊ သာသနာ့ဝန်စီးများက ထေရဝါဒ ပိဋကတ်တော်နှင့် ဆန့်ကျင်သည့်အတွေး အခေါ်အယူအဆ အဓမ္မဝါဒများကို ဟောပြောမှု၊ ပြသမှု၊ ထုတ်ဝေဖြန့်ချိမှု၊ အင်တာနက် ဝက်ဘ်ဆိုက်တွင် လွှင့်တင်မှုများ ပြန်လည်သက်ဝင်လှုပ်ရှားလျက်ရှိနေသည်ကို သိရှိရပါကြောင်း၊ အဆိုပါ သာသနာ့အန္တရာယ်များကို သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်နှင့် နိုင်ငံတော် အစိုးရတို့က အချိန်မီ ပူးပေါင်းကာကွယ်မှ သာလျှင် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွားမည်ဖြစ်သည်ကို လျှောက်ထားလိုပါကြောင်း။
ဒီမိုကရေစီသဘောတရားအရ လွတ်လပ်စွာ ဟောပြောခွင့်၊ ရေးသားခွင့်ရရှိသော ခေတ်ကာလ၌ သာသနာရေးရာနှင့် ဝိနိစ္ဆယမှုခင်း များကို ဆုံးဖြတ်ရာတွင် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် သံဃဝိနိစ္ဆယအဖွဲ့အဆင့်ဆင့်၏ ဟာကွက်ပျော့ကွက်များကို အမှုရှုံးများက မီဒီယာလူမှုကွန်ရက်များမှတစ်ဆင့် ထောက်ပြဝေဖန် တိုက်ခိုက်ရေးသားမှုများ ရှိလာနိုင်ပါကြောင်း၊ သို့ဖြစ်၍ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် သံဃဝိနိစ္ဆယအဖွဲ့ အဆင့်ဆင့်တို့သည် သာသနာရေးရာနှင့် ဝိနိစ္ဆယမှုခင်းတို့ကို ဆုံးဖြတ်ကြရာ၌ သက်သေသာဓက အထောက်အထားများ ပြည့်စုံစွာဖြင့် ဓမ္မဝိနယနှင့်အညီ မှန်ကန်တိကျစွာ ဆုံးဖြတ်ရမည့်အပြင် ပွင့်လင်းမြင်သာမှုနှင့် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ ကိုပါဒေသအခြေအနေနှင့် လိုက်လျောညီထွေ ရှိရေး ထည့်သွင်းစဉ်းစားဆုံးဖြတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်၍ သမဏသာရုပ္ပမဖြစ်သော အမှုကိစ္စကို ကျူးလွန်သော ရဟန်းသာမဏေများအား ထုတ်ပြန်ထားသော ညွှန်ကြားလွှာ အမှတ်(၇၂)နှင့် (၇၅)တို့ဖြင့် အရေးယူခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုဂ္ဂိုလ် စွဲ၊ ဂဏစွဲ ကင်းစွာဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။
သံဃာ့အဖွဲ့အစည်းများ ကျစ်လျစ် သိပ်သည်းခိုင်မာပြီး သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားလွှာများကို ကျွမ်းကျင်နိုင်နင်းပါမှ လုပ်ငန်းဆောင်ရွက်ရာ၌ ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဟူသော အဓိကရည်ရွယ်ချက်ကို ထိခိုက်စေမည့် ကိစ္စရပ်များကို ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်တွင် သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူလျက်ရှိကြသော ဆရာတော် များအချင်းချင်း မျှတညီညွတ်စွာ ဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်ကြလျက် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး၏ မူလရည်မှန်းချက် ဖြစ်သော သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးလုပ်ငန်းများ အစဉ်သဖြင့် အောင်မြင် ပြီးမြောက်လျက် ဆတက်ထမ်းပိုး တိုး၍ ဆောင်ရွက်နိုင်ပါစေကြောင်း လျှောက်ထားသည်။
ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျ အဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုး တော်ဆောင် ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော် ကြီးများက ကဏ္ဍအလိုက်တင်သွင်း လျှောက်ထားကြသည်။
ယင်းနောက် ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ သာသနာ့ရေးရာကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စများကို တင်ပြလျှောက်ထားကြရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအတွက် အရုဏ်ဆွမ်းကို အလှူရှင် ဖခင် ဦးမောင်မောင်-မိခင် ဒေါ်ခင်ခင်ကြီးတို့အား ရည်စူး၍ သမီး ဒေါ်ပြုံးဝေသီ မိသားစုတို့က လည်းကောင်း၊ နေ့ဆွမ်းကို ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်(ငြိမ်း)၊ ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့် မိသားစုတို့ကလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment