Saturday, March 4, 2017

ကလေးစာပေပွဲတော် (မော်လမြိုင်) ကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေး



Image may contain: one or more people, people sitting, table and indoor
မော်လမြိုင် မတ် ၃
ကလေးစာပေပွဲတော် (မော်လမြိုင်) ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်အစိုးရရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ဆွေးနွေးသည်။
အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်သည် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဖြစ်သည့်အတွက် ကလေးများ စာပေကို ချစ်မြတ်နိုးတတ်လာစေရန်၊ စာပေကို ပိုမိုစိတ်ဝင်စားလာရန်၊ ကလေးဘဝမှစပြီး စာပေများကို ဖတ်ချင်စိတ်ဖြစ်ပေါ်လာစေရေး၊ စာပေနှင့် ထိတွေ့မှုရှိစေ ရန် ကလေးစာပေပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ကလေးငယ်များ စာပေဗဟု သုတရရှိစေရန်၊ ဉာဏ်ရည်ထက်မြက်စေရန် ကလေးစာပေပွဲတော်ကျင်းပခြင်းဖြစ်သည့်အတွက် မိမိတို့ပြည်နယ် အစိုးရအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက ကလေးစာပေပွဲတော် (မော်လမြိုင်) ကျင်းပနိုင်ရန် မော်လမြိုင် တက္ကသိုလ် ဘက်စုံခန်းမအတွင်း နေရာချထားမှုပုံစံများကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဌာနများမှ လိုအပ်ချက်၊ အကြံပြုချက်နှင့် ပူးပေါင်းပါဝင်မှုများကို ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိပြီး စာအုပ်များ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအနေဖြင့် ဌာန၏ လုပ်ဆောင်ချက်များကို ပြည်သူများပိုမိုသိရှိလာစေရေး ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် နံနက် ၁၁ နာရီတွင် မော်လမြိုင် ထပ်ဆင့်လွှင့်စက်ရုံသို့ ရောက်ရှိပြီး လှည့်လည်ကြည့်ရှုကာ ဇုန်နယ်မှူးနှင့် မော်လမြိုင် ထပ်ဆင့်လွှင့်စက်ရုံမှ ဝန်ထမ်းများ၊ မော်လမြိုင်သတင်းဌာနခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ အရည်အသွေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ကြရန် မှာကြားကာ လိုအပ်ချက်နှင့် အခက်အခဲများကို မေးမြန်းသည်။
မွန်းတည့် ၁၂ နာရီတွင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက်(မော်လမြိုင်)သို့ ရောက်ရှိပြီး ပုံနှိပ်စက်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ အစည်းအဝေးခန်းမ ၌ ကိုယ်ပွားသတင်းစာတိုက်မှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ သတင်းစာတိုက် မန်နေဂျာ ဦးဇော်ဇင်ဆန်းက ကိုယ်ပွားသတင်းစာတိုက်၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင် ရွက်ချက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းမှာကြားဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမသို့ ရောက်ရှိကာ ကလေးစာပေပွဲတော်ကျင်းပမည့် နေရာများကို ကြည့်ရှုပြီး ကလေးစာပေပွဲတော်(မော်လမြိုင်)ဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment