Saturday, March 4, 2017

လူ့အခွင့်အရေးကောင်စီသည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ဘက်လိုက်ခွဲခြားမှုမရှိဘဲ မျှတစွာဖြင့် လူသားအားလုံး၏အခွင့်အရေး ကာကွယ်မြှင့်တင်ပေးရန်နှင့် နိုင်ငံအားလုံး၏အကျိုးအတွက်ဖြစ်ရန် လိုအပ်



Image may contain: one or more people, people sitting and indoor
နေပြည်တော် မတ် ၃
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ(၃၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး High-Level Segment သို့ တက်ရောက်ပြီး ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်း တွင် မိန့်ခွန်းပြောကြားခဲ့သည်။
ထိုသို့မိန့်ခွန်းပြောကြားရာတွင် ဒုတိယဝန်ကြီးက လူ့အခွင့်အရေးကောင်စီသည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ဘက်လိုက်ခွဲခြားမှုမရှိဘဲ မျှတစွာဖြင့် လူသားအားလုံး၏ အခွင့်အရေး ကာကွယ်မြှင့်တင်ပေးရန်နှင့် နိုင်ငံအားလုံး၏အကျိုးအတွက်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ထိုသို့မဟုတ်ပါက လူ့အခွင့်အရေးကောင်စီ၏လုပ်ငန်းများအပေါ်ထားသည့် ယုံကြည်မှုကို ထိခိုက်စေမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ထိတွေ့ပူးပေါင်းဆောင်ရွက်မှု ပြုသည့် ချဉ်းကပ်မှုပုံစံအသစ်ဖြင့် ဆောင်ရွက်နေမှု၊ အစိုးရသစ်၏ ဦးစားပေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်ကိစ္စတို့နှင့် ပတ်သက်၍ ပြည်တွင်းယန္တရားများ ထားရှိဆောင်ရွက်မှု အပါအဝင် အလေးထားကြိုးပမ်းဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ယင်းသို့ ကြိုးပမ်းဆောင်ရွက်မှု အရှိန်အဟုန် ရရှိလာချိန်တွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များမှ အပြစ်ကျူးလွန် သူများကို ဖမ်းဆီးရေးနှင့် ၎င်းတို့ယူဆောင်သွားသည့် လက်နက်များ ပြန်လည်ရရှိရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုပြုရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုရှိသည်ဟူသော စွပ်စွဲချက်များကို အစိုးရအနေဖြင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ အလေးထား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေမှုကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်ကိစ္စကိုဖြေရှင်းရာတွင် လူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်ချက်များသည် ပြဿနာ၏ အစိတ်အပိုင်း မဖြစ်စေဘဲ ပြဿနာဖြေရှင်းရေးကို အထောက်အကူပြုစေရေးအတွက် ဖြစ်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြဿနာ ဖြေရှင်းရေးကို အာရုံစိုက်ထားကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လူ့အသိုက်အဝန်းများကို ပိုမိုကွဲပြားသွားစေရန် ဆောင်ရွက်ခြင်းမျိုး မဖြစ်စေဘဲ ပိုမိုနီးကပ် လာရေးအတွက် ကြိုးပမ်းမှုတွင် ကူညီပံ့ပိုးရေးကို အာရုံစိုက်ရန်လိုအပ်ကြောင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရာတွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ပြစ်တင်ဝေဖန်ရှုတ်ချ ခြင်း၊ အရေးယူအပြစ်ပေးခြင်းတို့အပေါ် အာရုံ စိုက်နေခြင်းထက် ပြဿနာအားဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်ချက်များကို ကူညီပံ့ပိုးပေး ရေးအတွက် အပြုသဘောဖြင့် ချဉ်းကပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးထားပြော ကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် အစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Parliamentary Under-Secretary of State ဖြစ်သူ Mr. Alok Sharma ၊ အီးယူ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis ၊ အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Scott Busby နှင့် နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Marit Berger Rosland တို့အား ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အအုံ၌ သီးခြားစီ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြဿနာ ဖြေရှင်းရေး၊ လူ့အခွင့်အရေး ကာကွယ်မြှင့် တင်ရေး၊ လူ့အခွင့်အရေးကောင်စီတွင် မြန်မာ နိုင်ငံကိစ္စနှင့်စပ်လျဉ်း၍ စဉ်းစားဆွေး နွေးရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများအား နားလည်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုပေးရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်က ဒုတိယဝန်ကြီးသည် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနီးရှား အမြဲတမ်းကိုယ်စားလှယ်က ဂျီနီဗာမြို့၌ တည်ခင်းသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရမှ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလေးထားဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် မတ် ၁ ရက် ညနေပိုင်းတွင် Kempinski ဟိုတယ်၌ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များအား တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment