Friday, March 31, 2017

ပြည်သူများ သတ်မှတ်ထီတန်ဖိုးအတိုင်း ဈေးကွက်တွင် ဝယ်ယူနိုင်ရေး ထီလုပ်ငန်းရှင်များအသင်းနှင့် ဆွေးနွေး


နေပြည်တော် မတ် ၃ဝ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအား ယနေ့ နံနက် ၁၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်မှ စတင်ပြီး ပြည်သူများ ထီထိုးကံစမ်းနိုင်ရန်အတွက် ငွေကျပ် ၅ဝဝ တန် အောင်ဘာလေထီ လက်မှတ်များရောင်းချခဲ့ကြောင်း၊ ထီဈေးနှုန်းကို သတ်မှတ်ထားသည့် တစ်စောင်လျှင် ငွေကျပ် ၅ဝဝ ဖြင့် ရောင်းချရန်နှင့် သတ်မှတ်ဈေးထက် ပိုမိုရောင်းချပါက ရောင်းချသူ ထီလုပ်ငန်းရှင်များအား အမည်ပျက်စာရင်းသွင်းမည့်အပြင် အာမခံငွေကို သိမ်းယူ မည်ဟု ပြောကြားထားပြီးဖြစ်ကြောင်း၊ ယခင်ကာလများတွင် ပြည်သူများအနေဖြင့် အောင်ဘာလေထီကို ပြင်ပ၌ ဈေးကြီးပေး၍ ဝယ်ယူကံစမ်းနေရသဖြင့် ယခု ငွေကျပ် ၅ဝဝ တန် အောင်ဘာလေထီ စတင်သည့်အခါ ဈေးရင်းအတိုင်း ရောင်းချစေလိုကြောင်း၊ ရောင်းချသူ ထီလုပ်ငန်းရှင်များအတွက်လည်း ထီ ၁ဝ စောင်တွင် တစ်စောင်လျှင် (၁ဝ ရာခိုင်နှုန်း)ကို အကျိုးခံစားခွင့်ပေးထားပြီးဖြစ်၍ သတ်မှတ်ဈေးထက်ပို၍ ရောင်းချခြင်းမရှိစေရေး ထိန်းပေးကြရန်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းအား ချိန်ဆ၍ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ထီဥပဒေအားရေးဆွဲပြီးဖြစ်၍ မကြာမီ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထီထိုးကံစမ်းသူ ပြည်သူများအတွက် အလေးထား၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံထီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ခြောက်ဦးတို့ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment