Friday, March 31, 2017

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မေက ဥရောပကော်မရှင်ထံအကြောင်းကြား


Image may contain: 1 person
လန်ဒန် မတ် ၃ဝ
ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နိုင်ငံ နုတ်ထွက်မည် ဖြစ်ကြောင်း တရားဝင်အသိပေးအကြောင်းကြားမှုကို ဝန်ကြီးချုပ် ထရီစာမေက မတ် ၂၉ ရက်တွင် ပြုလုပ် လိုက်ပြီဖြစ်ရာ သမဂ္ဂမှ နုတ်ထွက်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းစတင်ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက မတ် ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ခြင်းမှာ နောက်ကြောင်းပြန်လှည့်နိုင်သော အခြင်းအရာ မဟုတ် ကြောင်း၊ အီးယူမှ တရားဝင်နုတ်ထွက်နိုင်ရေးအတွက် နှစ်နှစ်မျှကြာမြင့်မည့် ညှိနှိုင်းဆွေးနွေးရေး လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဗြိတိန်ခေါင်းဆောင် တစ်ဦးအတွက် အရေးအကြီးဆုံး ဆောင်ရွက်ချက်တစ်ရပ် အဖြစ် ဝန်ကြီးချုပ်မေသည် ဥရောပသမဂ္ဂက နုတ်ထွက် တော့မည်ဆိုသော တရားဝင် အသိပေးအကြောင်းကြား စာကို ဥရောပကော်မရှင်ဥက္ကဋ္ဌ ဒေါ်နယ်တပ်စ်ထံသို့ ပေးပို့လိုက်ပြီဖြစ်သည်။ ဗြိတိန်နိုင်ငံသည် ၁၉၇၃ ခုနှစ် တွင် ဥရောပသမဂ္ဂ၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။
ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးကို ထောက်ခံခြင်းရှိ၊ မရှိ လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာတွင် နုတ်ထွက်ရေးဘက်မှ အသာစီးရခဲ့ပြီးနောက် ကိုးလအကြာ တွင် ဥရောပကော်မရှင်ဥက္ကဋ္ဌထံ ဗြိတိန်ဝန်ကြီးချုပ်က တရားဝင် အကြောင်းကြားခြင်းဖြစ်သည်။
အဆိုပါ လူထုဆန္ဒခံယူပွဲရလဒ်သည် ကမ္ဘာ့ ခေါင်းဆောင်များအား အကြီးအကျယ် အံ့အားသင့်စေခဲ့ သည်။
ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှု ၂ဝ၁၉ ခုနှစ် မတ်လနှောင်းပိုင်းတွင် အာဏာသက်ဝင်လာခြင်း မရှိမီ ဝန်ကြီးချုပ်မေအနေဖြင့် သမဂ္ဂမှ နုတ်ထွက်ခြင်း ဆိုင်ရာ စည်းမျဉ်းများနှင့်ပတ်သက်၍ နှစ်နှစ်ကြာမျှ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ဗြိတိန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အင်အားအကြီးဆုံး စီးပွားရေးတည်ရာနိုင်ငံဖြစ်ပြီး ယင်း ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ပေါ်ထွက်လာမည့်ရလဒ်က နိုင်ငံတော်၏ အနာဂတ်ဘဝကို ပုံဖော်ထုဆစ်မည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ရိုက်တာ။

No comments:

Post a Comment