Friday, March 3, 2017

ဝိုင်းဝန်းဖော်ဆောင်ကြရမည့် မြန်မာကုမ္ပဏီများဥပဒေ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရာ၌ လိုအပ်သောဥပဒေအရပ်ရပ်တို့ကို ပြည့်စုံထောင့်စေ့ အောင် ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သကဲ့သို့ ပြဋ္ဌာန်းပြီးသော ဥပဒေ တို့ သက်ဝင်တည်တံ့စေရန် စနစ်တကျစီမံခန့်ခွဲရန် လိုအပ်ပါသည်။ ဥပဒေ တို့ကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းရာ၌ ဖြစ်စေ၊ အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေ တို့ကို စီမံခန့်ခွဲရာ၌ ဖြစ်စေ တိုင်းပြည်၏ ပကတိအခြေအနေကို ထင်ဟပ် ဖော်ဆောင်နိုင်ရန် လိုအပ်ပါသည်။
လက်ရှိကျင့်သုံးလျက်ရှိသော ၁၉၁၄ ခုနှစ် မြန်မာကုမ္ပဏီများ ဥပဒေ သည် နယ်ချဲ့ဗြိတိသျှခေတ်ကတည်းက ပြဋ္ဌာန်းထားသော ဥပဒေဖြစ်၍ ဥပဒေသက်တမ်းသည် နှစ်(၁ဝဝ)ကျော်နေပြီဖြစ်ပါသည်။ ဤအချက်က မြန်မာကုမ္ပဏီများ ဥပဒေကို ပြင်ဆင်ရန်လိုအပ်နေကြောင်း ရှင်းလင်းစွာ ဖော်ပြနေပါသည်။ အဆိုပါတိုင်းပြည်၏ လိုအပ်ချက်နှင့်အညီ မြန်မာ ကုမ္ပဏီများဥပဒေကို ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ပြင်ဆင် ရေးဆွဲမည့် မြန်မာကုမ္ပဏီများဥပဒေတွင် ပါဝင်သင့်ပါဝင်ထိုက်သည့် ပြဋ္ဌာန်းချက်များ ပြည့်ပြည့်စုံစုံပါဝင်ရန် လိုအပ်ပါသည်။ ပြည့်စုံသော ဥပဒေပြဋ္ဌာန်းချက်ဖြစ်စေရန် တစ်နိုင်ငံလုံး၏ လိုအပ်ချက်များကို ခြုံငုံ၍ ထောင့်စေ့အောင်စဉ်းစားသုံးသပ်ရန် လိုအပ်ပါသည်။
ဤနေရာ၌ လက်တွေ့စီးပွားရေးလုပ်ကိုင်လျက်ရှိသော စီးပွားရေး လုပ်ငန်းရှင်တို့က မိမိတို့၏ အတွေ့အကြုံကိုအခြေခံ၍ မြန်မာကုမ္ပဏီ များဥပဒေတွင် ပါဝင်သင့်ပါဝင်ထိုက်သည့်အချက်များ ပါဝင်လာစေရန် အကြံပြုချက်များကို တက်တက်ကြွကြွဆောင်ရွက်ရန် လိုအပ်ပါသည်။ တစ်ဦးတစ်ယောက်တစ်ဖွဲ့တည်းက တစ်နိုင်ငံလုံး၏ လိုအပ်ချက်ကို ခြုံငုံ စဉ်းစားရန်မှာ လက်တွေ့ အခက်အခဲများအရ မဖြစ်နိုင်ဟု ယူဆပါသည်။ သို့ဖြစ်ပါ၍ တစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းရှင်တို့က အကြံပြုချက် များကို ပေးပို့ပေးရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့်လည်း အသင်းဝင် စီးပွားရေးလုပ်ငန်းရှင်များထံမှ အကြံဉာဏ်များရယူနိုင်ရန် ရှင်းလင်း တင်ပြခြင်း၊ ဟောပြောဆွေးနွေးခြင်းနှင့် စုစည်းရယူခြင်းတို့ကို အင်တိုက် အားတိုက် ဆောင်ရွက်သင့်ပါသည်။
မြန်မာကုမ္ပဏီများဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်လျက်ရှိရာ၌ လက်ရှိအဆင့်တွင် ဥပဒေမူကြမ်းအဆင့်သာရှိသေး၍ ပြင်ဆင်ဖြည့်ဆည်း ပေါင်းစပ်ရမည့်အချက်တို့ကို အလွယ်တကူ ဆောင်ရွက်နိုင်ပါသည်။ ဥပဒေအဖြစ်အတည်ပြုပြဋ္ဌာန်းပြီးမှ ပြင်ဆင်ဖြည့်ဆည်းပေါင်းစပ်ခြင်း တို့ ဆောင်ရွက်ပါက ယခုကဲ့သို့ အလွယ်တကူ ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးမည့် မြန်မာကုမ္ပဏီများဥပဒေ တစ်ရပ်ပေါ်ထွက်လာစေရေးအတွက် လိုအပ်သော အကြံဉာဏ်များ ဝိုင်းဝန်းဖော်ဆောင်ပေးကြပါရန် လေးစားစွာတိုက်တွန်းနှိုးဆော်အပ် ပါသည်။

No comments:

Post a Comment