
ကလေးဝ မတ် ၅
ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့ပေါင်းဆုံသည့်နေရာတွင် မြို့တည်ထားသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့၌ တည်ထားကိုးကွယ်တော်မူသည့် ကလေးဝမြို့နယ်လုံးဆိုင်ရာ သာသနာ့သမိုင်းဝင် ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ဃန်းကပ်လှူခြင်း အောင်ပွဲအထိမ်း အမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို မတ် ၁ ရက်မှ ၄ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ချင်းတွင်းမြစ်အတွင်း၌ အမျိုးသားအသင်း ၁၈ သင်းနှင့် အမျိုးသမီးအသင်း ၁ဝ သင်းတို့က မြန်မာ့ရိုးရာ အနှစ်သာရပါပါ ရွှေမုဋ္ဌောတံခွန်စိုက်ဒိုင်းဆုကြီးအပါအဝင် ဆုတံဆိပ်များနှင့် ငွေသားဆုများဆွတ်ခူးရရှိနိုင်ကြရေး၊ ဒေသဂုဏ်ဆောင်နိုင်ကြရေးတို့အတွက် အားမာန်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသား လှေလှော်အသင်းမှ ပထမဆုကို ကလေးဝမြို့နယ် ဇီးဒေါင့်ကျေးရွာ ပေါ့ပါးလှေအသင်းက ရွှေမုဋ္ဌော တံခွန်စိုက် ဒိုင်းဆုကြီးနှင့် ငွေသားဆု၊ ဒုတိယဆုကို မင်းကင်းမြို့နယ် ခုံသာ ကျေးရွာ ဇော်မင်းသားလှေအသင်း၊ တတိယဆုကို ကလေးဝမြို့နယ် တုန်းနန်းကျေးရွာ ပျံလွှားလှေအသင်းတို့က လည်းကောင်း၊ အမျိုးသမီး လှေလှော်အသင်းမှ ပထမဆုကို ကလေးဝမြို့နယ် ကိုင်းကျေးရွာ ဒုံးကျည် မလှေအသင်းက ရွှေမုဋ္ဌောတံခွန်စိုက် ဒိုင်းဆုကြီးနှင့် ငွေသားဆု၊ ဒုတိယဆုကို ကလေးဝမြို့နယ် ဇီးဒေါင့် ကျေးရွာ ရွှေဇီးမာန်လှေအသင်း၊ တတိယဆုကို ကလေးဝမြို့နယ် တုန်းနန်းကျေးရွာ ပျံလွှားလှေအသင်းတို့က လည်းကောင်း အသီးသီးဆုများ ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ကြကြောင်း သိရသည်။
ရွှေမုဋ္ဌောစေတီတော်သည် သီရိ ဓမ္မာသောကမင်းကြီး၏ မုဋ္ဌောကိုးဆူ ဂူကိုးလုံးတွင် တစ်ဆူအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ရွှေမုဋ္ဌောစေတီတော်ကို လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူခြင်း အထိမ်းအမှတ်အဖြစ် ယခင်နှစ်ပေါင်း ၄ဝ ကျော် ကာလကကျင်းပခဲ့သည့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ပြန်လည်ထည့်သွင်း ကျင်းပခြင်းဖြစ်ကြောင်း ရွှေမုဋ္ဌော ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လှေလှော်ပြိုင်ပွဲကို စတင်ကျင်းပ နိုင်ရန်အတွက် ကလေးခရိုင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကျင်းပရေးကော်မတီနာယက ဦးကိုကိုနိုင်၊ ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင် ဇော်မိုးနှင့် မြို့မိ မြို့ဖ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးပေါက်ဖော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဘုရားပွဲကြီးနေ့တွင် သံဃာတော် ၁ဝ၈ ပါးကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ဧည့်ပရိသတ်များအား စတုဒိသာထမင်း ကျွေးမွေးခြင်း၊ ပွဲတော်ရက်အတွင်း မန္တလေးအငြိမ့်နှင့် ဇာတ်ပွဲများ၊ ဈေးရောင်းပွဲနှင့် အခြားအားကစား ပွဲများနှင့် ကြည့်ချင်ပွဲများကိုပါ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
(ချင်းတွင်းသား)
No comments:
Post a Comment