Friday, March 3, 2017

ဝန်းကျင်ကောင်းဖြစ်အောင်ဖန်တီး



Image may contain: text
လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးစေသောအရာမှာ မူးယစ်ဆေးဝါးဟု အဆိုရှိပါသည်။ မူးယစ်ဆေးဝါး၏သားကောင်၊ မူးယစ်၏ကျေးကျွန်ဖြစ်သွားပါက ပြန်လည်ရုန်းထွက်ဖို့မလွယ်ကူတော့ပါ။ ထို့ကြောင့် မူးယစ်ဆေးဝါးများကို ပြင်းပြင်းထန်ထန်တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ သုံးစွဲသူတို့ပါမကျန် ရှာဖွေဖမ်းဆီးအရေးယူနေသည်ကို မြင်တွေ့ကြားသိနေရပါသည်။
မူးယစ်ဆေးဝါးကဲ့သို့ လူသားများအား လူညွန့်မတုံးစေသော်လည်း လူသားများအား တတိတိနှင့် ပျက်ပြုန်းသွားစေသောအရာမှာ မူးယစ်ဆေးဝါးအနွယ်ဝင် စီးကရက်နှင့် အရက်ဖြစ်ပါသည်။ မူးယစ်ဆေးဝါးမှာ ထုတ်လုပ်ဖြန့်ဖြူးသုံးစွဲရန် မလွယ်ကူသော်လည်း စီးကရက်နှင့်အရက်မှာ ထုတ်လုပ်ဖြန့််ဖြူးသုံးစွဲရန် လွယ်ကူနေသဖြင့် မူးယစ်ဆေးဝါးထက် ဆိုးရွားသောပစ္စည်းဟု ဆိုချင်ပါသည်။
မူးယစ်ဆေးဝါးများကို ရှာဖွေဖမ်းဆီးပြီး ပြင်းထန်သောအရေးယူမှုဖြင့် တိုက်ဖျက်နှိမ်နင်းနိုင်သော်လည်း စီးကရက်နှင့်အရက်မှာ ဖမ်းဆီးအရေးယူမှု မရှိနိုင်ဘဲ မြန်မာနိုင်ငံ၏ မည်သည့်နေရာဒေသတွင်မဆို၊ မည်သူမဆို လွတ်လပ်စွာဖြင့် အချိန်မရွေး၊ နေရာမရွေး ဝယ်ယူသောက်သုံးနိုင်သည်ကို တွေ့ရပါသည်။
မူးယစ်ဆေးဝါးမှာ တန်ဖိုးကြီးမားသဖြင့် ဝယ်ယူအသုံးမပြုနိုင်သော်လည်း စီးကရက်နှင့် အရက်မှာ တန်ဖိုးနည်းပါးသဖြင့် လူတိုင်းဝယ်ယူ အသုံးပြုနိုင်၍ အချိန်ကာလနှင့် အတိုင်းအတာကျော်လွန်သောအခါ ငွေကြေးကုန်ကျမှုများပြားလာပြီး လူတို့၏ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်လာနိုင်ပါသည်။
နိုင်ငံတကာတွင် စီးကရက်နှင့်အရက် ရောင်းဝယ်ဖောက်ကား သောက်သုံးမှုများကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကန့်သတ်ထားပါသည်။ မြန်မာနိုင်ငံတွင် ၎င်းပစ္စည်းများ ရောင်းဝယ်ဖောက်ကားသုံးစွဲမှု ကို ဥပဒေစည်းမျဉ်းသတ်မှတ်ချက်ရှိသော်လည်း အရေးယူဆောင်ရွက်မှုနှင့် လိုက်နာမှုအပိုင်းတွင် သဘောမျှသာရှိသည်။ 'သုရာမေရယ'ဟူသော သီလကို ယုံကြည်သည့်နိုင်ငံတွင် ထိရောက်သောဆောင်ရွက်မှုမရှိသည်မှာ ဝမ်းနည်းစရာဖြစ်သည်။
အရက်ဟူသည်မှာ ရှောင်ကြဉ်ရမည့်ကံငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအဖို့ ကံငါးပါးစလုံးကို ရှောင်ကြဉ်ခြင်းဖြင့်သော်လည်းကောင်း၊ တစ်ပါးချင်းစီ ရှောင်ကြဉ်ခြင်းဖြင့်သော် လည်းကောင်း ရှောင်ရှားကြသည်။ ကံတစ်ပါးချင်းစီတွင် အသီးသီးသော အပြစ်များရှိကြသော်လည်း 'သုရာမေရယ'မှာ အပြစ်မကြီးသယောင် ယူဆကာ လွယ်လွယ်ကူကူ ဖောက်ဖျက်တတ်ကြသည်။
အမှန်တကယ်တွင် 'သုရာမေရယ'မှလွဲ၍ ကျန်လေးပါးကို တစ်ခုချင်းအလိုက် ဖောက်ဖျက်တတ်ကြပြီး တစ်ခုချင်းအလိုက် အပြစ်ဒဏ်သင့်နိုင်သည်။ 'သုရာမေရယ'မှာမူ ၎င်းကိုဖောက်ဖျက်မိပြီး အလွန်အကျွံဖြစ်လာပါမူ ကျန်လေးပါးစလုံးကိုပါ ကျူးလွန်ဖောက်ဖျက်ရန် ဝန်မလေးတတ်ချေ။ ထို့ကြောင့် 'သုရာမေရယ'မှာ ကံငါးပါးတွင် အဆိုးရွားဆုံး၊ ရှောင်ကြဉ်ဖွယ် အကောင်းဆုံးဟု ဆိုချင်ပါသည်။
ဆေးလိပ်နှင့်အရက်ကို ကြိုက်နှစ်သက်၍သော်လည်းကောင်း၊ အပြုအမူအရသော်လည်းကောင်း စည်းကမ်းတကျ သောက်သုံးတတ်သူများကို မဆိုလိုသော်လည်း စည်းကမ်းမဲ့သောက်သုံးမှုရှိလာလျှင်မူ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်ပါသည်။ အရက်နှင့် စီးကရက်ကို အခွန်အကောက်ကောက်ခံခြင်းဖြင့် ကန့်သတ်မှုရှိနေသော်လည်း ၎င်းပစ္စည်းများမှာ လူမှုဘဝနယ်ပယ်တွင် အောင်လံတံခွန်လွှင့်ထူကာ ကျယ်ကျယ်ပြန့်ပြန့်နေရာယူနေသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။
အရက်နှင့်ဆေးလိပ်ထုတ်လုပ်မှုကို တားဆီးပိတ်ပင်ရန် ဆိုလိုခြင်း မဟုတ်ဘဲ ပြည်သူလူထုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ စည်းကမ်းတကျ၊ ဥပဒေသတ်မှတ်ချက်အရ တိတိကျကျ လိုက်နာဆောင်ရွက်မှု အားကောင်းလာရန်သာ ဆိုလိုခြင်းဖြစ်သည်။ ပြည်သူများနှင့်ပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ်စေသော အရက်၊ ဝိုင်၊ ဘီယာ၊ စီးကရက် စသည့် ကုန်ပစ္စည်းများအား အထူးကုန်စည်ခွန်အဖြစ် ပြောင်းလဲကောက်ခံခြင်းအား ကြိုဆိုရမည်ဖြစ်သော်လည်း လူနှင့်ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့်၊ ဥပဒေ စည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာရမည့် ဝန်းကျင်ကောင်းကို ဖန်တီးကြရမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment