Friday, March 3, 2017

အက်ဒမန်ပင်လယ်တွင်းမှ Macleod (ခေါ်) ခရင်းခွကျွန်း



Image may contain: ocean, sky, cloud, mountain, tree, outdoor and nature
ကမ္ဘာပေါ်တွင်ခရီးသွားလုပ်ငန်းဖြင့် နာမည်ကျော်ကြားလှသည့် မော်လ်ဒိုက်ကျွန်းနိုင်ငံ (Maldives) ၏ ကမ်းခြေများကဲ့သို့ မြန်မာနိုင်ငံ၏ Maldives ဟုတင်စားလောက်သည့် Macleod (ခေါ်) ခရင်းခွကျွန်းသည် အက်ဒမန်ပင်လယ်အတွင်း ကော့သောင်းမြို့၏ အနောက်မြောက်ဘက်တွင်ရှိပြီး Speed Boat ဖြင့် နှစ်နာရီခန့်ခရီးနှင်လျှင် ပင်လယ်ရေစိမ်းပြာပြာ အနားသတ်ဖြင့် သဲသောင်ဖြူဖြူ၊ နောက်ခံစိမ်းစိုနေသည့် သစ်ပင်ကြီး၊ ငယ်
များ တွယ်ကပ်ပေါက်နေသည့် တောင်မြင့်မြင့်ကြီးများအလယ်က ဘန်ဂလိုလေးများစွာဖြင့် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသည့် ခရင်းခွကျွန်းကို ရောက်ရှိမည် ဖြစ်သည်။

ကျွန်းပေါ်၌ ကြယ်လေးပွင့်အဆင့်ရှိ Myanmar Andaman Resort Hotel ရှိပြီး အခြားကျွန်းများကဲ့သို့ လူရှုပ်ထွေးမှုမရှိဘဲ အေးအေးဆေးဆေး အပန်းဖြေရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။ superior and suite အခန်းအမျိုးအစား ဘန်ဂလိုများရှိသည်။ ကောင်းကောင်းစား၊ ကောင်းကောင်းအနားယူနိုင်သည့် နေရာတစ်ခုဖြစ်သည်။
ကျွန်း၏အနေအထားအားဖြင့် စိမ်းပြာရောင် ပင်လယ်ရေများ၏ ကမ်းစပ်နားတစ်ဝိုက်ကြည်လင်လှပပြီး main beach အပြင်ကို first beach and second beach ဟု beach line နှစ်ခု သတ်သတ်ရှိသည်။ သဘာဝအတိုင်း ငှက်အော်သံများ၊ ပင်လယ်လှိုင်းသံများ၊ သစ်ပင်တောအုပ်သစ်ရွက်များအကြား လေတိုးသံများမှတစ်ပါး တိတ်ဆိတ်ငြိမ်သက်စွာရှိသည်။
ကျွန်း၏ သဲသောင်ပြင်တစ်လျှောက် နူးညံ့ဖြူဖွေးသည့်သဲပွင့်များဖြင့် အလွန်လှပ လှပေသည်။ kayaking လုပ်ရန် လှေငယ်လေးများရှိသည့်အပြင် ပင်လယ်ထဲ snorkeling လုပ်ချင်သူများ လှေစီးစရာမလိုဘဲ hotel အနီးအနားကျွန်းများသို့ ရေကူးသွားရုံမျှဖြင့် အဆင်ပြေသည်။ ကျွမ်းကျင်သည့် ရေငုပ်သမားအကူအညီဖြင့် ရေမကူးတတ်သူများပါ ရေအောက်သန္တာကျောက်တန်းများ၊ ငါးမျိုးစုံသဘာဝရှုခင်းများ ကြည့်ရှုခံစားမှတ်တမ်းတင်နိုင်သည်။
စွန့်စားမှု ဝါသနာပါသူများ ဟိုတယ်၏အနောက်ဘက်ရှိ ပေ ၁ဝဝဝ ခန့်မြင့်သည့် တောင်တန်းများပေါ် ကြိုးဖြင့်ခိုဆွဲပြီး တောင်တက်နိုင်သည်။ မတ်စောက်သည့် ကျောက်ဆောင်ကျောက်တုံးများကို ခြေကန်၍ ကြိုးဖြင့် ခိုတက်ကာ အဆင်းတွင်ခြေကန်ပြီး ကြိုးဖြင့်လျှောချသည့် စွန့်စားမှုများပြုလုပ်နိုင်သည်။ တောင်ပေါ်မှကြည့်လျှင် ကျွန်းအောက်ခြေသောင်ပြင်သည် ခရင်းခွသဏ္ဌာန် ပင်လယ်အော်ပုံစံဖြင့် အလွန်တရာလှပတင့်တယ်လှသည်။ လှိုင်းလုံးဖြူဖြူများအကြား တွေ့မြင်ရမည့် ဘန်ဂလိုလေးများ၊ စိမ်းပြာလဲ့နေသည့် ပင်လယ်ပြင်ကြီး၊ သဲနုနုဖြူဖြူလေးများ၊ ပင်လယ်ကြမ်းပြင်အောက်မှ သက်ရှိသဘာဝအလှအပများကို ခံစားနိုင်ကြရန် မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းခရိုင်အတွင်းရှိ အက်ဒမန် ပင်လယ်အတွင်းမှ Macleod ခရင်းခွကျွန်း(သို့မဟုတ်) မြန်မာနိုင်ငံ၏ Maldives ဆီသို့ တစ်ခေါက်တစ်ခါ အလည်လာခဲ့ရန် တိုက်တွန်းဖိတ်ခေါ်လိုက်ရပေသည်။
ကျော်စိုး(ကော့သောင်း)

No comments:

Post a Comment