
ဘားအံ မတ် ၃
၂ဝ၁၇ ခုနှစ် မတ်လ ၈ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ဖြေဆိုကြတော့မည်ဖြစ်ရာ ကရင်ပြည်နယ်မှ ကျောင်းသား ကျောင်းသူ ၁၇၂၄၁ ဦး ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး စာစစ်ဌာန ၃၇ ခုဖြင့် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မြင့်မား ရေးအတွက် သက်ဆိုင်ရာ ကျောင်းများမှ ဆရာဆရာမများအား ဘာသာ ရပ်ဆိုင်ရာဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ တက္ကသိုလ်များမှ ဆရာ ဆရာမ များနှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေး၍ ဝါရင့်သင်ကြားနေသော ဆရာဆရာမများကို အောင်ချက်နိမ့်သောကျောင်းများသို့ သွားရောက်ပို့ချ စေခဲ့ခြင်းတို့ကို စီမံဆောင်ရွက်ထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် စာစစ်ဌာနအရေအတွက် ၁၂ ခု (ဖြေဆိုရန် စာရင်းပေးသွင်း ထားသည့် ကျောင်းသား ကျောင်းသူ ၇၁၅၃ ဦး)၊ လှိုင်းဘွဲမြို့နယ်တွင် စာစစ် ဌာနခြောက်ခု(ကျောင်းသား ကျောင်းသူ ၂၂၁၉ ဦး)၊ သံတောင်မြို့နယ်တွင် စာစစ်ဌာနလေးခု (ကျောင်းသား ကျောင်းသူ ၁၁၉၇ ဦး)၊ ဖာပွန်မြို့နယ် တွင် စာစစ်ဌာနနှစ်ခု(ကျောင်းသား ကျောင်းသူ ၆ဝ၄ ဦး)၊ ကော့ကရိတ် မြို့နယ်တွင် စာစစ်ဌာနခြောက်ခု (ကျောင်းသား ကျောင်းသူ၂၈၈၃ ဦး)၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စာစစ် ဌာနငါးခု (ကျောင်းသား ကျောင်းသူ ၁၇၁၉ ဦး)၊ မြဝတီမြို့နယ်တွင် စာစစ် ဌာနနှစ်ခု (ကျောင်းသား ကျောင်းသူ ၁၄၆၆ ဦး) စုစုပေါင်း စာစစ်ဌာန ၃၇ ခုတွင် ကျောင်းသား ကျောင်းသူ ၁၇၂၄၁ ဦး ဖြေဆိုရန်စာရင်းပေးသွင်း ထားကြကြောင်းသိရသည်။
ထိုသို့ စာရင်းပေးသွင်းထားသူများ အနက် မြဝတီမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုမည့် မြန်မာရွှေ့ပြောင်း ကျောင်းသား ကျောင်းသူ ၁ဝ၆ ဦးလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများမှ စီမံချက်များ အဆင့်ဆင့်ရေးဆွဲ၍ တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်း များ၊ လုပ်ငန်းဆွေးနွေးပွဲ၊ သင်တန်း များကို ဖွင့်လှစ်၍ ညှိနှိုင်းဆောင်ရွက် ထားပြီးဖြစ်သည်။
ထို့အပြင် ကျောင်းသား ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာဖြင့် ဖြေဆို နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုံခြုံရေးနှင့် ပတ်သက်၍ စီမံဆောင်ရွက်ထားကြောင်း၊ မျှော်လင့်မထားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်စီမံ ချက်များ ရေးဆွဲဆောင်ရွက်ထားကြောင်း၊ အရေးပေါ်ဖြစ်ပေါ်လာပါက အရန်စာစစ်ဌာနများကိုလည်း ကြိုတင်လျာထား ဆောင်ရွက်ထားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment