Sunday, March 5, 2017

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျပန်နှင့် တရုတ်သို့ သွားရောက်ရန်စီစဉ်



ဝါရှင်တန် မတ် ၄ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်သည် ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ခရီးစဉ်သည် မတ် ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်ကြာမည်ဖြစ်ကြောင်း သံရုံးအသိုင်း အဝိုင်းက ပြောသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရိုကီရှီဒါနှင့် တွေ့ဆုံရန် မျှော်မှန်း ထားပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုလည်း သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောလက အမေရိကန်နိုင်ငံသို့ အာဘေး လာရောက်စဉ်အတွင်း တေလာဆန်နှင့် ကီရှီဒါတို့ တွေ့ဆုံခဲ့ ကြောင်း သိရသည်။ တေလာဆန်သည် အမေရိကန်-ဂျပန် ဆက်ဆံရေးတိုးမြှင့်ရန် ထရန့်အစိုးရ၏ မူဝါဒများကို အတည်ပြု ထောက်ခံလိမ့်မည်ဟု မျှော်လင့်ထားသည်။
အခြားစိတ်ဝင်စားဖွယ် ဆွေးနွေးမည့် အစည်းအဝေး ခေါင်းစဉ်တစ်ခုမှာ မြောက်ကိုရီးယား ဒုံးလက်နက်ပစ်ခွင်းခြင်းနှင့် တားဆီးပိတ်ပင်မှုများအကြောင်းဖြစ်ပြီး ၄င်းကို မည်သို့တုံ့ပြန် ရမည်ဆိုသည့်အချက်လည်း ဆွေးနွေးနိုင်ကြောင်း၊ ထို့အတူ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကိုလည်း ဆွေးနွေးနိုင်ကြောင်း သိရသည်။
လာမည့်နှစ်ကုန်တွင် ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယသမ္မတ မိုက်ပန့်စ်တို့အနေဖြင့်လည်း ယခုကိစ္စကို ဆွေးနွေးနိုင်ကြောင်းသိရသည်။
တေလာဆန်သည် ဂျပန်ခရီးစဉ်နှင့်အတူ တရုတ်နိုင်ငံသို့လည်း သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ (အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment