ပြည်သူ့သဘောထားစင်မြင့်
တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကိုမူ သတင်းစာ၏မူဝါဒအရ ဖော်ပြပေးနိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင်ပါရှိသမျှတို့သည် သက်ဆိုင်ရာဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။ (စာတည်းအဖွဲ့)
မောင်ဌေးဦး(စိန်ဂျွန်း)
ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးပစ်ခြင်းသည် ပြည်ထောင်စုကြီးကို ဖျက်ဆီးဖြိုချခြင်းသာဖြစ်သောကြောင့် မည်သည့်ပြည်ထောင်စုသားကမျှ ထိုကဲ့သို့ သိလျက်နှင့် ပြုမူပြောဆိုနေကြမည်မဟုတ်ပါ။ သို့သော် ဒေါသ၊ မောဟ၊ လောဘအမှောင်များ ပိတ်ဖုံးနေလျှင်မူ ပြည်ထောင်စု စိတ်ဓာတ်ကို ပျက်ပြားစေရန် ရည်ရွယ်ဖျက်ဆီးနေသကဲ့သို့ အပြုအမူများ၊ အပြောအဆိုများကို ပြုမူပြောဆိုမိခဲ့ကြရာမှ ပြည်ထောင်စုသားများ၏ နှလုံးသားထဲတွင် တရားခံ လူဆိုး နာမည်ပျက်စာရင်းသွင်း ခံကြရတော့မည်ဖြစ်ပါသည်။
သို့ပါ၍ ရှောင်ရှားပြောဆို ပြုမူနိုင်ကြရန် အောက်ပါကိစ္စများကို နမူနာအဖြစ် ဖော်ပြသတိပေး သိစေအပ်ပါသည်။
ပြည်ထောင်စုခေါင်းဆောင်များကို စော်ကားခြင်း
မြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာစေရန် ကြိုးပမ်းအားထုတ်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ပြည်ထောင်စု၏ ကျေးဇူးရှင်များဖြစ်သကဲ့သို့ တိုင်းရင်းသားအသီးသီး၏ ခေါင်းဆောင်ကြီးများလည်းဖြစ်သည်။
ထို့ကြောင့် အဆိုပါခေါင်းဆောင်တစ်ဦးကို မခန့်လေးစား စော်ကားခြင်းသည် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုး များကို စော်ကားခြင်းဖြစ်သောကြောင့် ပြည်ထောင်စုသား အားလုံး၏ စိတ်နှလုံးကို ထိခိုက်ပျက်ပြားစေနိုင်ပါသည်။ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး ထိုကဲ့သို့ မခန့်လေးစားပြောဆိုပြုမူနေကြပါလျှင် ပြည်ထောင်စုစိတ်ဓာတ် ပျက်သုဉ်းပျောက်ဆုံးဖို့သာ ရှိတော့မည်ဖြစ်ပါသည်။
ထို့ကြောင့် ပြည်ထောင်စုခေါင်းဆောင် တစ်ယောက်၏အမည်ကို အလိုမရှိဟုဆိုခြင်းသည် ပြည်ထောင်စုကို အလိုမရှိဟု ဆိုခြင်းသာဖြစ်ပါသည်။ မည်သူမျှ စိတ်နှလုံး မထိခိုက်ဘဲ မိမိ၏ရပ်တည်ချက်ကို အများလက်ခံလာစေရန် ညင်ညင်သာသာ၊ ညက်ညက်ညောညော ထုတ်ဖော်တင်ပြရန် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရှိသောခေတ်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။
သို့ပါလျက် ရင့်ရင့်သီးသီး မခန့်လေးစားပြုခြင်းသည် ပြည်ထောင်စုကြီးကို မလိုမလား ပြည်ထောင်စုစိတ်ဓာတ်များ ပျက်ပြားစေရန် ဖျက်ဆီးသကဲ့သို့ ဖြစ်နေသည့်အတွက် ထိုအပြုအမူမျိုးကို လုံးဝရှောင်ရှားကြရန်လိုပါသည်။ ထို့ပြင် ထိုသို့ ပြုမူပြောဆိုခဲ့သူများအနေဖြင့် မိမိတို့မှားယွင်းမှုအပေါ် ဝန်ချတောင်းပန်မှုမပြုသရွေ့ ပြည်ထောင်စုသားများ၏ နှလုံးသားတွင် အမည်မည်းစာရင်းဝင်များအဖြစ် သတိရနေကြတော့မည်ဖြစ်ပါသည်။
ဒေသတစ်ခုအတွက် ဖွံ့ဖြိုးရေးချေးငွေကို ဝေဖန်တိုက်ခိုက်ခြင်း
ယနေ့ ပြည်ထောင်စုကြီးတစ်ခုလုံးသည် နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းနေခဲ့သည့်အတွက် ဒေသတိုင်းသည် လိုအပ်ချက်များ ဗရပွနှင့် ပြည့်နှက်နေပါသည်။
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူလူထု ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးလုပ်ငန်းများကို အိတ်သွန်ဖာမှောက်ရုံ မျှမက နိုင်ငံတကာချေးငွေများ ချေးယူဆောင်ရွက်ပေးနေ ရပါသည်။
ဤသည်ကို ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးက ဒေသတစ်ခုအတွင်းရှိ နိုင်ငံခြားချေးငွေဖြင့် တည်ဆောက်မည့် တံတားကြီးတစ်ခုအတွက် တင်ရှိသည့် အကြွေကို ဒေသခံများကသာ နိုင်ငံခြားသို့ ပေးဆပ်သင့်ကြောင်းနှင့် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်သားများကို ထိုအကြွေကို မဆပ်စေသင့်ကြောင်း လူသိရှင်ကြား ဆွေးနွေးပြောဆိုခဲ့ပါသည်။
တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်ပစ္စည်းကိရိယာနှင့် ကုန်စည်များသည် နိုင်ငံတကာမှ ရောက်ရှိလာသည့်အခါ ထိုတံတားအသစ်ကြီးမှ ဖြတ်သန်း၍ နိုင်ငံအနှံ့ သို့ ပို့ဆောင်ရမည့်လုပ်ငန်းသည် ပြည်ထောင်စုဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ဖြစ်ပါသည်။ ထို့ပြင် ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေများကို လိုအပ်နေသည့်ဒေသများတွင် လမ်းများ၊ တံတားများ၊ ကျောင်းများ၊ ဆေးရုံများ ဖြည့်ဆည်းပေးရမည့် လုပ်ငန်းသည် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လုပ်ဆောင်ရသော လုပ်ငန်းဖြစ်သောကြောင့် ထိုကုန်ကျစရိတ်ကြွေးမြီများကို ထိုဒေသခံများကသာ တာဝန်ယူထမ်းဆောင်ရမည် ဆိုခြင်းသည် အမြင်ကျဉ်းမြောင်းခြင်း၊ တာဝန်မသိခြင်း၊ ပြည်ထောင်စုစိတ်ဓာတ်(မိသားစုစိတ်ဓာတ်) မရှိခြင်းများသာဖြစ်ပါသည်။
ပြည်ထောင်စု၏ ဒေသတစ်ခုနှင့်တစ်ခု ဆောင်ရွက်ရမည့် တာဝန်များကို တွက်ကတ်လာစေရန်နှင့် အခွင့်အရေးကို အလုအယက်ရယူရန် တွန်းပို့သကဲ့သို့ ဖြစ်နေပါသဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေခြင်းသာဖြစ်ကြောင်း သတိပြုရှောင်ရှားပြောဆိုသင့်ပါသည်။
နာကြည်းဖွယ်ရာပုံရိပ်များကို ဖော်ထုတ်ခြင်း
မငြိမ်းချမ်းသေးသော အခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်များသည် ရန်သူကြီးများမဟုတ်ကြဘဲ ယာယီရန်ဘက်များသာဖြစ်ကြပါသည်။
မလွှဲမရှောင်သာဖြစ်ပွားနေသော တိုက်ပွဲများကြောင့် သေကျေကြရသော တပ်မတော်သားများသည် လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များသည် လည်းကောင်း ကျွန်ုပ်တို့အားလုံး၏ သွေးရင်းသားရင်းမိသားစု ဝင်များသာဖြစ်ပါသည်။
ထို့ကြောင့် မြင်တွေ့သူများ စိတ်နာကြည်းဖွယ်တိုက်ပွဲ များတွင် သေကျေနေကြသူများ၏ ပုံများကို လူမှုကွန်ရက်များတွင်တင်ခြင်း၊ တစ်ဖက်ကို နာကြည်းဖွယ်ရာ ပြောဆိုခြင်းများသည် သက်ဆိုင်ရာပြည်ထောင်စုအတွင်းရှိ အဖွဲ့ အစည်း၊ အသိုင်းအဝိုင်းများကို ဖြေမဆည်နိုင်အောင် စိတ်ဝမ်းကွဲစေနိုင်ပါသည်။ ဤအပြုအမူ၊ အပြောအဆိုများသည် ပြည်ထောင်စုကြီးကို ပြိုကွဲအောင် ပြုလုပ်သကဲ့သို့ ဖြစ်နေသည်ကို အထူးသတိပြုကြရန်လိုအပ်ပြီး ထိုသို့ပြုမူ ပြောဆိုနေသူများသည် ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေသည့် ရန်သူများသာဖြစ်ပါသောကြောင့် ပြည်ထောင်စု၏ ရန်သူများအဖြစ် သတ်မှတ်ခံကြရမည်ဖြစ်ပါသည်။
နိဂုံး
ပြည်ထောင်စုကြီးသည် ထာဝရတည်ရှိနေမည့် အားလျော်စွာ တစ်ဖက်အသိုင်းအဝိုင်းကို ပြုမူပြောဆိုသည့် အခါ အမြော်အမြင်ရှိရန်၊ သဘောထားကြီးပြီး မြင့်မြတ်သည့် စိတ်ထားရှိရန်၊ ပြည်ထောင်စုကြီးအတွက် အနစ်နာခံရဲသည့် သတ္တိကိုပြရန် စသည့် ခေါင်းဆောင်သည့် နည်းလမ်းများဖြင့်သာ ပြည်ထောင်စုစိတ်ဓာတ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။
ပြည်ထောင်စုစိတ်ဓာတ်ကို ပျက်စီးအောင် မသိ၍ ဖြစ်စေ၊ သိလျက်ဖြစ်စေ ပြုလုပ်ပြောဆိုနေသူများကို ပြည်ထောင်စုသားများအားလုံးမှ ပြတ်ပြတ်သားသား တုံ့ပြန်ထိန်းသိမ်းအရေးယူကြရန် လိုပါသည်။
ယခုအချိန်ကဲ့သို့ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကာလမျိုးတွင် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုရှင်သန်ခိုင်မာအောင် လှုံ့ဆော်ကြရမည့် တာဝန်သည် ပြည်ထောင်စုကြီးအပေါ် ချစ်မြတ်နိုးကြသူတိုင်းတွင် ရှိနေကြမည်ဖြစ်သည်ကို သတိပေးသိစေအပ်ပါကြောင်း။ ။
No comments:
Post a Comment