
မုံရွာ မတ် ၂
နွေရာသီ မြစ်ရေနည်းပါးချိန်များတွင် ချင်းတွင်းမြစ်အတွင်း အစုန်အဆန် ပြေးဆွဲလျက်ရှိသော လူစီးအမြန်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ မြစ်ကြောင်းတစ်လျှောက် အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန် ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် သောင်တူးခြင်း၊ မျောတိုင်တန်းစိုက်ကျောက်ဖြည့်ရေကာများ တည်ဆောက်
ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ချင်းတွင်းမြစ်သည် မုံရွာမြို့မှအထက်ချင်းတွင်းဒေသများသို့ ခရီးသွားလာရေးနှင့် ကုန်စည်များကို အစုန်အဆန်သယ်ယူပို့ဆောင်ရေးတို့တွင် အဓိက
အားထားရသည်ဖြစ်ရာ ခရီးသည်တင်အမြန်ရေယာဉ်များ၊ ကုန်စည်တင်ရေယာဉ်များနှင့် အခြားရေယာဉ်ကြီးများသွားလာနိုင်ရေးအတွက် နွေရာသီ
တွင် မြစ်ကြောင်းအတွင်းသွားလာရခက်ခဲသောအဓိကနေရာများတွင် သောင်တူးခြင်း၊ မျောတိုင်တန်း စိုက်ကျောက်ဖြည့် ရေကာများကို အသစ်တည်
ဆောက်ခြင်းနှင့် တည်ဆောက်ပြီး ရေကာများအားဖြည့်ခြင်းတို့ကို စတင်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
''အလုံရေလမ်း၊ မုံရွာရေလမ်းနဲ့ မင်းကင်းမြို့နယ်အတွင်းမှာရှိတဲ့ ရေလမ်းတွေမှာ နွေရာသီ မြစ်ရေနည်းပါးချိန်၌ ရေယာဉ်တွေသွားလာနိုင်ဖို့အတွက် တည်ဆောက်ပြီးတဲ့ ကျောက်စီရေကာတွေ ပြန်လည်ပြင်ဆင်တယ်၊ အသစ်ဆောက်ပေးတယ်၊ နောက်ပြီး ရေကြောင်းကျပ်တဲ့နေရာတွေကိုလည်း သဲစုပ်စက်
တွေနဲ့ လုပ်ပေးသွားမှာပါ၊ အခု ကျောက်စီရေကာတွေကို လုပ်ဆောင်နေပါတယ်'' ဟု တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်
ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်ချင်းတွင်းဒေသများသို့ မုံရွာမြို့မှ ကုန်တင်ရေယာဉ်အသင်း ၁၉ သင်းတွင်အစီးရေ ၄၅၂ စီး၊ လူစီးအမြန်ရေယာဉ် ကိုးစင်း၊ အစီးရေ ၁၃၄ စီးဖြင့်
ကုန်စည်နှင့် ခရီးသည်များကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ နွေရာသီမြစ်ရေနည်းပါးချိန်များတွင် ရေယာဉ်များသွားလာမှု အဆင်ပြေစေရန် ရေလမ်း ကြောင်းကောင်းမွန်ရေးအတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၆၄ ဒသမ ၅၈ သန်းဖြင့် မုံရွာရေလမ်း၊ အလုံရေလမ်းနှင့် မင်းကင်းမြို့နယ်အတွင်းရှိ ရေလမ်းများတွင်ကျောက်စီရေကာ အသစ်တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)
No comments:
Post a Comment