Thursday, March 30, 2017

ဖေဖော်ဝါရီလအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မအေးချမ်းအောင်အားရွေးချယ်

Image may contain: 2 people


ပြည်သူသို့ ကျေးဇူးတင်လွှာထုတ်ပြန်
နေပြည်တော် မတ် ၂၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံသူနိုင်ငံသားများ၊ ပရဟိတစေတနာရှင်များ၊ လူမှုအသင်းအဖွဲ့များမှ လစဉ်ချီးကျူးဂုဏ်ပြုထိုက်သူများကိုရွေးချယ်၍ ပြည်သူသို့ကျေးဇူးတင်လွှာထုတ်ပြန်ပေးလျက်ရှိရာ ၂ဝ၁၇ ခုနှစ် ဖေဖော် ဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် အသက် (၂၇) နှစ်အရွယ် မအေးချမ်းအောင်ကို ရွေးချယ်ခဲ့သည်။
မအေးချမ်းအောင်သည် မွေးရာပါ ညာဘက်မျက်စိ အမြင်အာရုံ ချို့ယွင်းခဲ့ပြီး အသက် (၁ဝ) နှစ်အရွယ် မူလတန်းပညာသင်ကြားနေစဉ် ဘယ်ဘက်မျက်စိမှာလည်း လုံးဝအလင်းကွယ်ခဲ့သည်။ အမြင်အာရုံလုံးဝ ပျောက်ဆုံးခဲ့ရသော်လည်း ဘဝကို အလွယ် တကူ အရှုံးမပေးဘဲ ကြိုးစားခဲ့မှုများကြောင့် ဖေဖော်ဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ မတ်လ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ပြည်သူသို့ ကျေးဇူးတင်လွှာ
၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်
(၂ဝ၁၇ ခုနှစ်၊ မတ်လ ၂၈ ရက်)
၁။ ပညာရေးသည် လူတစ်ဦးတစ်ယောက်၏ ဘဝတစ်လျှောက် ရှင်သန်ရပ်တည်မှုနှင့် မိမိတည်ရှိရာ ဝန်းကျင်နှင့် လူ့အဖွဲ့ အစည်း၏ တိုးတက်ရာ တိုးတက်ကြောင်း အကျိုးပြုနိုင်မှုတို့အတွက် လိုအပ်သော အသိတရား၊ ကျွမ်းကျင်မှုများ၊ စိတ်နေ စိတ်ထားနှင့် ဖန်တီးမှုတို့ကို ပျိုးထောင်ပေးခြင်းဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းထားသည့် အနာဂတ်နိုင်ငံတော် ကို ယနေ့ခေတ်လူငယ်များ၏ ပညာရေးဖြင့် ခေတ်မီတိုးတက်စေရန် တည်ဆောက်သွားကြရမည်ဖြစ်သည်။ လူငယ်များဟုဆိုရာ တွင် ခွဲခြားမှု မရှိဘဲတန်းတူရည်တူ အညီအမျှ ကြိုးစားအားထုတ်ခွင့် ရရှိရန် အရေးကြီးလှသည်။ ခေတ်မီတက္ကသိုလ်ပညာရပ် များသာမက အသက်မွေးဝမ်းကျောင်း အတတ်ပညာများသည်လည်း အနာဂတ်လူ့ဘောင်အတွက် အရေးပါသောနယ်ပယ်များပင် ဖြစ်သည်။ နိုင်ငံတော်အပိုင်းက လက်တွေ့ကျသော ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ သည့် လက်ရှိကာလတွင် လူငယ်လူရွယ်များကလည်း ကောင်းမွန်သောကြိုးပမ်းအားထုတ်မှုတို့ဖြင့် မိမိတို့ကိုယ်ကိုတည်ဆောက် နိုင်ရန် လိုအပ်မည်ဖြစ်သည်။
၂။ အသက် (၂၇)နှစ်အရွယ် မအေးချမ်းအောင်သည် ရခိုင်တိုင်းရင်းသား ဖခင်ဦးမြင့်အောင်နှင့် ဓနုတိုင်းရင်းသူ မိခင် ဒေါက်တာဒေါ်သန်းနုတို့မှ ၁၉၉ဝ ခုနှစ်တွင် အောင်ပန်းမြို့၌ မွေးဖွားသန့်စင်ခဲ့ပြီး၊ မွေးရာပါအဖြစ် ညာဘက်မျက်စိ အမြင်အာရုံ ချို့ယွင်းခဲ့သူဖြစ်သည်။ အသက် (၁ဝ)နှစ်အရွယ် မူလတန်းပညာသင်ကြားနေစဉ် ဘယ်ဘက်မျက်စိမှာလည်း လုံးဝအလင်း ကွယ်ခဲ့သဖြင့် အမြင်အာရုံ လုံးဝပျောက်ဆုံးခဲ့ရသည်။ သို့ရာတွင် အားငယ်စိတ် အလျဉ်းမရှိ၊ ဘဝကိုအလွယ်တကူ အရှုံးမပေးဘဲ မိခင်ဖြစ်သူ၏ အားပေးကူညီမှုများဖြင့် ကြိုးပမ်းအားထုတ်ခဲ့ရာ ၂ဝဝ၆ ခုနှစ်တွင် အခြေခံပညာအထက်တန်းကို အင်္ဂလိပ်၊ သမိုင်း၊ ဘောဂဗေဒ (၃) ဘာသာဂုဏ်ထူး၊ ရမှတ် ၄၈၁ မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲပထမအဆင့်ဖြင့် ထူးထူး ချွန်ချွန် အောင်မြင်ခဲ့ပြီးနောက် ၂ဝ၁ဝခုနှစ်တွင် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ B.A (English)ဘွဲ့ကိုရရှိခဲ့သည်။ ထို့အပြင် ရွှေမင်းသားဖောင်ဒေးရှင်းမှ ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်းကိုလည်းတက်ရောက် အောင်မြင်ခဲ့သည်။
၃။ ထို့နောက် မအေးချမ်းအောင်သည် အမြင်အာရုံချို့ယွင်းသည့် လူငယ်များ၏ ပညာမျက်စိအလင်းဖွင့်ကာ၊ ဘဝအနေ အထားမြင့်မားစေလိုသည့်စိတ်ရင်းစေတနာဖြင့် ၂ဝ၁၂ ခုနှစ်တွင် ရမည်းသင်းမျက်မမြင်ကျောင်း၌ စေတနာ့ဝန်ထမ်း လုပ်အားပေး ဆရာမအဖြစ် သွားရောက်သင်ကြားပေးခဲ့သည်။ တစ်ဖန် ၂ဝ၁၃ခုနှစ်တွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ခေါ်ယူသည့်မသန်စွမ်းလူငယ်များ ခေါင်းဆောင်မှု မြှင့်တင်ရေးသင်တန်းသို့ တက်ရောက်ခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူများကို သာမန်လူများနှင့်မခြား နယ်ပယ်စုံတွင် တန်းတူညီမျှဆက်ဆံမှုရရှိနိုင်ရေးကိစ္စရပ်များ ဆက်လက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားတက္ကသိုလ်ကြီးတစ်ခုတွင် Public Policy ပြည်သူ့ရေးရာ မူဝါဒပညာရပ်နှင့် ပတ်သက်သည့် မဟာဘွဲ့ရယူသွားရန် စိတ်ပိုင်းဖြတ်ထားသူလည်းဖြစ်သည်။ ယခုအခါ မိခင်ဖြစ်သူနှင့်အတူအောင်ပန်းမြို့တွင် နေထိုင်ရင်း အင်္ဂလိပ်-မြန်မာ ဘာသာပြန်ခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလျက် ရှိသည်။
၎။ သို့ဖြစ်၍ ယခုနှစ်ဖေဖော်ဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မအေးချမ်းအောင်အား ရွေးချယ်၍ ဤကျေးဇူး တင်လွှာကို ထုတ်ပြန်လိုက်ပါသည်။ မအေးချမ်းအောင်နည်းတူ နိုင်ငံသူနိုင်ငံသားများ ပရဟိတစေတနာရှင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပြည်သူများအနေဖြင့်မလျှော့သော ဇွဲ၊ မပြတ်သည့်လုံ့လ၊ ခိုင်မာသော ဝီရိယတို့ကို အရင်းခံလျက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ကာ နိုင်ငံတော်နှင့်ပြည်သူအတွက် အလုပ်အကြွေးပြုနိုင်သော သားကောင်းရတနာများ ဖြစ်ကြပါစေရန် မေတ္တာရပ်ခံလျက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
အောင်ဆန်းစုကြည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

No comments:

Post a Comment