Monday, March 6, 2017

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နောက်ထပ်သက်တမ်းသုံးနှစ် တာဝန်ထမ်းဆောင်ရန် ပါတီက သဘောတူဆုံးဖြတ်



Image may contain: 3 people, suit and wedding
ကျိုတို မတ် ၅
ဂျပန်နိုင်ငံ၏အာဏာရပါတီဖြစ်သည့် လွတ်လပ်သောဒီမိုကရက်တစ်ပါတီက ဝန်ကြီးချုပ်ရှင်ဇိုအာဘေးအား သက်တမ်းသုံးဆက် တိုးမြှင့်တာဝန်ထမ်းဆောင်ရန် ပါတီဝင်များက ယနေ့ကျင်းပသော ပါတီညီလာခံ၌ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
ပါတီညီလာခံကို တိုကျိုမြို့ရှိ ဟိုတယ်တစ်ခု၌ ကျင်းပခဲ့သည်။ ပါတီဝင်များအပါအဝင် စီရင်စုနယ်များ၏ ပါတီကိုယ်စားလှယ် စုစုပေါင်း ၃၅ဝဝ ခန့် တက်ရောက်ကြသည်။
ပါတီအတွင်းရေးမှူးချုပ် တိုရှိဟီရို နီခိုင်က ဝန်ကြီးချုပ်သက်တမ်းတိုးမြှင့် ထမ်းဆောင်မည့် အဆိုတစ်ရပ်ကို ညီလာခံ၌ အဆိုပြုခဲ့သည်။ ပါတီဝင်များက ယင်းအဆိုပြုချက်ကို ထောက်ခံခဲ့ကြသည်။ လက်ရှိကျင့်သုံးနေသည့် ဝန်ကြီးချုပ် သက်တမ်းတွင် ဝန်ကြီးချုပ်တစ်ဦးသည် သုံးနှစ်သက်တမ်းနှစ်ကြိမ်သာ ရွေးကောက်ခံခွင့်ရှိသည်။
ပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ရှိသက်တမ်းသည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ လာမည့်နှစ် စက်တင်ဘာလတွင်ကျင်းပမည့် ဝန်ကြီးချုပ်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအနေဖြင့် ဝန်ကြီးချုပ် သက်တမ်းသုံးကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
လွတ်လပ်သော ဒီမိုကရက်တစ်ပါတီအနေဖြင့် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် မဲအများဆုံးအနိုင်ရရှိခဲ့သည့် ယမန်နှစ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြန်လည်ပြောကြားခဲ့သည်။ ပါတီအနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကိုပြန်လည်ရရှိရန် ၂၅ နှစ်ကျော် အချိန်ယူခဲ့ရကြောင်းနှင့် ၎င်းအနေဖြင့် ထိုအချိန်ကတင်းမာမှုများကို အောက်မေ့သတိရကာ ရှေ့ဆက်ရမည့်အနာဂတ်စိန်ခေါ်မှုများကို အစွမ်းကုန် ရင်ဆိုင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ဆိုသည်။
ထို့ပြင် ဝန်ကြီးချုပ်က ယခုနှစ်ကျင်းပခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေစိုးမိုးမှု နှစ် ၇ဝ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပမှုနှင့် ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် နောက်ထပ် နှစ်ပေါင်း ၇ဝ တိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေစိုးမိုးမှုရှိရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment