
ဟိုင်ဖာ(အစ္စရေး) မတ် ၅
နက်ရှိုင်းသည့် အာကာသအတွင်း နေမှ ထုတ်လွှတ်သည့် ဒြပ်မြူမှုန်များ သင့်ရောက်ခံရခြင်း၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးမည့် ဓာတ်ရောင်ခြည်ကာ အထူးဝတ်စုံ တစ်မျိုးကို အစ္စရေးနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက တီထွင်ထုတ်လုပ်ထားပြီးဖြစ်ရာ လစူးစမ်းလေ့လာရေးခရီးစဉ် အကောင်အထည်ဖော်သည့်အခါ လက်တွေ့ စမ်းသပ်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ အခြေစိုက် စတမ်ရက်ဒ် ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့သော အဆိုပါဝတ်စုံသည် အထူးသဖြင့် Stem Cells ဖြစ်သည့် လူ့တစ်သျှူး မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ပေးနိုင်ကြောင်း၊ နက်ရှိုင်းသော အာကာသဟင်းလင်းပြင်အတွင်း နေက ထုတ်လွှတ်နေသည့် ဒြပ်မြူမှုန်များ ဘေးဥပဒ်ပေးမှုမှ အာကာသယာဉ်မှူးများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အော်လန်းမီးစတိန်းက ပြောကြားသည်။ စမ်းသပ်မှုအောင်မြင်ပါက အနာဂတ် ကာလအင်္ဂါဂြိုဟ်လေ့လာရေးခရီးစဉ်တွင် ယင်းဝတ်စုံကို အသုံးပြုနိုင်မည်ဆို၏။
နက်ရှိုင်းသော အာကာသ သို့မဟုတ် အင်္ဂါဂြိုဟ်ပေါ်တွင် နေရောင်ခြည်မှ ထုတ်လွှတ်သော ဒြပ်မြူမှုန်ငယ်များ ရှိနေသည်။ အင်္ဂါဂြိုဟ်၏ လေထုလွှာမှာ အလွန်ပါးလွှာခြင်းကြောင့် နေရောင်ခြည်ဆိုင်ရာ ဒြပ်မှုန်များ ဝင်ရောက်လာခြင်းကို ကာကွယ်နိုင်စွမ်းမရှိဟု ဆိုသည်။
အမေရိကန် အာကာသအေဂျင်စီ(နာဆာ)သည် ၂ဝ၃ဝ ပြည့်လွန် ဆယ်စုနှစ်လယ်ကာလတွင် အင်္ဂါဂြိုဟ်သို့ အာကာသယာဉ်မှူးများ စေလွှတ်နိုင်မည်ဟု မျှော်လင့်ထားသည်။
လူကို သေစေနိုင်သည့် ဓာတ်ရောင်ခြည်မှ ကာကွယ်ပေးနိုင်သော ဝတ်စုံသည် ကွန်တိုမြေပုံတစ်ခုကဲ့သို့ အလွှာပေါင်းများစွာ ပါရှိသည်။ အာကာသယာဉ်မှူး တစ်ဦးချင်းစီအလိုက် ဝတ်ဆင်ပေးရန် ချုပ်လုပ်ပေးရသည်။ အာကာသယာဉ်မှူး တစ်ဦးချင်းစီ၏ ကိုယ်တွင်းအင်္ဂါများကို ဒိုင်းလွှားသဖွယ် ကာကွယ်ပေးရန် သတ္တုမဟုတ်သော ဒြပ်ပစ္စည်းများ အသုံးပြုကာ ကာကွယ်ရေးဝတ်စုံကို အလွှာလွှာ အထပ်ထပ်ဖြင့် စီရင်ပြုလုပ်ထားသည်။
နာဆာ၊ ဥရောပအာကာသ အေဂျင်စီနှင့် လော့ဟိမာတင်ကုမ္ပဏီတို့၏ ပူးတွဲစီမံကိန်းတစ်ရပ်ဖြစ်သော အော်ရီယွန်အာကာသယာဉ်ကို ၂ဝ၁၈ ခုနှစ် နှောင်းပိုင်းတွင် လွှတ်တင်သည့်အခါ အဆိုပါဝတ်စုံကို လက်တွေ့စမ်းသပ်မှု ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
ရိုက်တာ။
No comments:
Post a Comment