Thursday, March 30, 2017

နိုင်ငံတော်အစိုးရမှ မြန်မာရေလုပ်သား ၈၈ ဦးအား မိသားစုဝင်များနှင့် ပေါင်းစည်းရေးအတွက် ပြန်လည်ခေါ်ယူ

Image may contain: one or more people, people sitting and indoor
ရန်ကုန် မတ် ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုး ဦးဆောင်သောအဖွဲ့သည် အိန္ဒိယ နိုင်ငံဥပဒေအရ ပြစ်ဒဏ်ကျခံပြီး Open Distress Camps ၌ ထိန်းသိမ်းထားသည့် မြန်မာရေလုပ်သား ၈၈ ဦးအား ပြန်လည်ခေါ်ယူနိုင်ရန် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁ နာရီ မိနစ် ၂ဝ တွင် ပို့ဘလဲယားမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် ပို့ဘလဲယားလေဆိပ်ဧည့်ခန်းမ၌ အိန္ဒိယနိုင်ငံအစိုးရမှ တာဝန်ရှိသူများ၊ အိန္ဒိယ နိုင်ငံဆိုင်ရာ နယူးဒေလီမြန်မာသံရုံးမှ သံမှူးကြီး ဦးဇော်နိုင်ဝင်း၊ ကာလကတ္တားမြို့ ကောင်စစ်ဝန် ချုပ်ရုံး သံရုံးအုပ်များဖြစ်ကြသည့် ဦးတင်ထွန်းအောင်နှင့် ဦးကျော်နေစိုးတို့က မြန်မာနိုင်ငံသား များဖြစ်ကြောင်း အတည်ပြုချက်ရရှိပြီးသူ မြန်မာရေလုပ်သား ၈၈ ဦး၏ အချက် အလက်စာရင်းများကို လွှဲပြောင်းပေး အပ်ကြရာ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် တာဝန် ရှိသူများက စိစစ်လက်ခံပြီး ပို့ဘလဲ ယားလေဆိပ်မှထွက်ခွာခဲ့ရာ ညနေ ၅ နာရီ မိနစ်၂ဝ တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိကြသည်။
ပြန်လည် ရောက်ရှိလာသည့် မြန်မာရေလုပ်သားများအား ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုကြပြီး အားပေးစကား ပြောကြားကြသည်။
ထို့နောက် လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရေလုပ်သားများအတွက် ကျားလုံချည်၊တီရှပ်၊ တဘက် စသည်တို့ကိုလည်းကောင်း၊ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းက ခရီးစရိတ်အဖြစ် ငွေကျပ် ၂၅ဝဝဝ နှင့် လွယ်အိတ်တို့ကို လည်းကောင်း ထောက်ပံ့ပေးအပ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့က မြန်မာရေလုပ်သားများအား နေရပ်ဒေသအသီးသီးသို့ မော်တော် ယာဉ်များဖြင့် ပို့ဆောင်ပေးကြသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသည့် မြန်မာရေလုပ်သား ၈၈ ဦးတွင် ဧရာဝတီတိုင်းဒေသကြီးမှ ၆၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ခုနစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ နှစ်ဦး၊ ရခိုင်ပြည်နယ်မှ ၁၂ ဦးနှင့် မွန်ပြည်နယ်မှ တစ်ဦးတို့ ဖြစ်သည်။
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၏ မှတ်တမ်းများ အရ ၁၉၈၈ ခုနှစ်ခန့်ကစ၍ မြန်မာရေလုပ်သားများကို စတင်ခေါ်ယူခဲ့သည်။
ယခင်က လေကြောင်း လိုင်းများ၊ အိန္ဒိယနိုင်ငံကမ်းခြေစောင့် သင်္ဘောများဖြင့် ပြန်လည်ခေါ်ယူခဲ့ပြီး ၂ဝ၁၁ ခုနှစ်ခန့်မှစ၍ စင်းလုံးငှား လေယာဉ်များဖြင့် ပြန်လည်ခေါ်ယူ ခဲ့ရာ ၂ဝ၁၁ ခုနှစ်တွင် လေယာဉ် နှစ် ခေါက်ဖြင့် ရေလုပ်သား ၁၄၂ ဦး၊ ၂ဝ၁၃ခုနှစ်တွင် လေယာဉ်နှစ်ခေါက် ဖြင့် ရေလုပ်သား ၁၂၃ ဦး၊ ၂ဝ၁၅ခုနှစ် ဇန်နဝါရီလတွင် လေယာဉ်သုံး ခေါက်ဖြင့် ရေလုပ်သား ၄၁၁ ဦးနှင့် နိုဝင်ဘာလတွင် လေယာဉ်နှစ်ခေါက် ဖြင့် ၂၄၃ ဦး၊ ၂ဝ၁၆ခုနှစ်တွင်လေယာဉ် နှစ်ခေါက်ဖြင့် ရေလုပ်သား၂၆၂ဦး စုစုပေါင်းမြန်မာရေလုပ်သား ၁၁၈၁ ဦးကို နိုင်ငံတော်အစိုးရက ပြန်လည် ခေါ်ယူပေးခဲ့ကြောင်း သိရသည်။
သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment