Friday, March 3, 2017

ဒုတိယအကြိမ် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ ငှက်ဖျားရောဂါကင်းဝေးရေးလုပ်ငန်းများဆိုင်ရာ အစည်းအဝေးကျင်းပ



Image may contain: 1 person, sitting, table and indoor
နေပြည်တော် မတ် ၂
ဒုတိယအကြိမ်မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ ငှက်ဖျားရောဂါကင်းဝေးရေး လုပ်ငန်းများဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (Second Intercountry High Level Meeting) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားသည်။
ငှက်ဖျားရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများသည် မဟာမဲခေါင်ဒေသကြီးအတွင်း၌ သိသာစွာ လျော့နည်းကျဆင်းနေပြီဖြစ်သော်လည်း ငှက်ဖျားပိုးများ၏ ဆေးယဉ်ပါးလာမှုနှင့် ငှက်ဖျားခြင်များ၏ ပိုးသတ်ဆေးယဉ်ပါး လာမှုအခြေအနေများ၊ အုပ်စုလိုက် ရွှေ့ပြောင်းသွားလာမှုများ၊ ငှက်ဖျားဆေးဝါးအတုများ ပေါ်ပေါက်လာမှုများ၊ ဆေးကုသမှုလက်လှမ်းမမီမှုများကြောင့် ငှက်ဖျားရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရာတွင် ပြင်ပဆရာဝန်များ၊ အစိုးရမဟုတ်သော ပုဂ္ဂလိက လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများနှင့် အလှူရှင် အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မဟာမဲခေါင်ဒေသကြီးအတွင်း နိုင်ငံများ၏ ကူးလူးဆက်ဆံမှု၊ ရေမြေသဘာဝအခြေအနေဆက်စပ်နေမှုများကြောင့် ငှက်ဖျားရောဂါကင်းစင်ရေးကို နိုင်ငံတစ်ခုတည်း အနေဖြင့်ရရှိပြီး ရေရှည်တည်တံ့ရန် အလွန်ခက်ခဲပါကြောင်း၊ ဒေသကြီးအတွင်း ငှက်ဖျားရောဂါကင်းစင်သွားရန် အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ရည်မှန်း ချက်ဖြစ်သည့် သက္ကရာဇ် ၂ဝ၃ဝ တွင် မဟာမဲခေါင်ဒေသကြီးအတွင်း ငှက်ဖျားရောဂါ လုံးဝကင်းစင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် Global Fund Executive Director, Dr. Mark Dybul ၊ ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၊ Director General of Global Issues, Ambassador Koichi Aiboshi နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ Global Malaria Programme Director, Dr. Pedro Alonso တို့က အမှာစကားပြောကြားကြသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဒုတိယအကြိမ် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ ငှက်ဖျားရောဂါကင်းဝေးရေး လုပ်ငန်းများဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သော ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ငှက်ဖျားရောဂါကင်းဝေးရေး (၂ဝ၁၈-၂ဝ၂ဝ) ရန်ပုံငွေအတွက် ဆွေးနွေးကြမည်ဖြစ်ပြီး ငှက်ဖျားရောဂါ ကင်းဝေးရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်နှင့် လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေလိုအပ်ချက်များအား မျှဝေပေးနိုင်ရန်အတွက်လည်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment